စပ်ဆေးဆိုတော့ဘာများပြောတာလဲပေါ့။ ငရုတ်သီးပါတဲ့ဆေးများလား၊ သောက်လိုက်ရင်ပါးစပ်ထဲ
စပ်နေတဲ့ဆေးများလား၊ ဗိုက်ထဲပူနေတဲ့ဆေးများလား စသဖြင့်ပေါ့။တကယ်တော့တစ်ခုမှမဟုတ်ပါဘူး။ ဆေးဆိုင်မှာ၊
ကွမ်းယာဆိုင်မှာ နေမကောင်းလို့၊ နှာစေးလို့၊ ချောင်းဆိုးလို့ ဆေးစပ်ပေးပါဆိုပြီး ဝယ်သောက်နေတဲ့ဆေးတွေကို
စပ်ဆေး တနည်းအားဖြင့် ဘာပါမှန်းမသိပဲ အန္တရာယ်များလွန်းတဲ့ဆေးတွေဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာ ဆေးဝါး
ထိန်းချုပ်မှုကို ထိရောက်တွင်ကျယ်စွာမလုပ်နိုင်သေးတာရယ် ပြည်သူများကျန်းမာရေးအသိ အားနည်းနေသေးတာရယ်ကြောင့် စပ်ဆေးများရောင်းချခြင်းကအလွန်လွယ်ကူစွာအလုပ်ဖြစ်နေ ပါတယ်။
နိုင်ငံတကာမှာအထူးသဖြင့်ဖွံဖြိုးပြီးတိုင်းပြည်များမှာစပ်ဆေးရယ်လို့အလွန်ရှားပါးလှပါတယ်။ သာမန်လူများဝယ်ယူနိုင်သောဆေး(over the counter drugs,OTC) နဲ့ ဆေးစာပါမှဝယ်လို့ရတဲ့ ဆေး(prescription only drugs)ဆိုပြီး ၂မျိုးရှိပါတယ်။ ဥပမာ-ဖျားနေလို့ ဆေးဝယ်ချင်တယ် ဘာဆေးဝယ်လို့ရမလဲ။ paracetamol ဝယ်လို့ရပါတယ်။ ချောင်းဆိုးနေလို့ကိုယ်တိုင်ဝယ်လို့ရလား။ချောင်းဆိုးပျောက်ဆေးကိုယ်တိုင်ဝယ်လို့ရပါတယ်။ ဒီဆေးတွေဟာ အပေါ်မှာပြောခဲ့တဲ့ OTC အမျိုးအစားထဲမှာပါပါတယ်။ လည်ချောင်းနာနေလို့ ပိုးသတ်ဆေးသောက်မယ်။ ဒါဆို ဆေးစာ(prescription) ပါမှဝယ်လို့ရတော့မယ်။ ဒါဆိုဘာလုပ်မလဲ။ ဆရာဝန်နဲ့ပြဖို့လိုလာပြီ။ ကိုယ့်သဘောနဲ့ ဆေးဆိုင်မှာဝယ်လို့မရပါဘူး။ ဆေးဆိုင်ကလည်း ဆရာဝန်ရေးပေးတဲ့ဆေးစာမပါရင် မရောင်းပါဘူး။ ရောင်းခဲ့ရင် အဖမ်းခံရပါတယ်။ အလားတူအဖြစ်မျိုး စာရေးသူ ကိုရီးယားရောက်ခဲ့စဉ်ကကြုံခဲ့ဖူးပါတယ်။
![]() |
| source:Google |
ဆိုတော့ အခုပြောချင်တဲ့စပ်ဆေးဆိုတာဘာတွေပါလဲ။ ဘယ်လိုဆေးမျိုးကိုစပ်ဆေးလို့သတ်မှတ်ရမလဲပေါ့။ အထက်ကပြောခဲ့သလို ဆေးဝါးကျွမ်းကျင်သူလည်းမဟုတ် ဆရာဝန်လည်းမဟုတ်ပဲ ဆေးများကိုမိမိစိတ်ထင်ရာရောစပ်ရောင်းချတယ်။ ဒီလိုဆေးအများစုကိုစပ်ဆေးလို့သတ်မှတ်ပါရစေ။ စာရေးသူကိုယ်တိုင်လည်း ငယ်စဉ်တုန်းက စပ်ဆေးနဲ့
မကင်းလွတ်ခဲ့သူပါ။ နှာစေးနေလို့စပ်ဆေးသောက်တယ်။ဖျားချင်သလိုဖြစ်နေလို့စပ်ဆေးသောက်တယ်။နောက်တော့သိလာရတဲ့အခါအလွန်အန္တရာယ်များမှန်းသိလာပါတယ်။
ဟုတ်ပြီ။ စပ်ဆေးထဲမှာ ဘာဆေးတွေပါသလဲမေးလာရင် စာရေးသူလည်းမသိပါလို့ဖြေပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာမှန်းမသိတဲ့ဆေးတွေဖြစ်နေလို့ပါ။ ဆေးလာဝယ်တဲ့သူက မိမိဖြစ်နေတဲ့ ခံစားနေရတဲ့ လက္ခဏာတွေကိုဆေးရောင်းသူကိုပြောပြတယ်။အဲ့တော့ သူကဖြစ်နေတာတွေကို သက်သာအောင် အထူးသဖြင့်မြန်မြန်သက်သာအောင် ဘာမှန်းမသိတဲ့ အာနိသင်ပျင်းတဲ့ ဆေးတွေထည့်ပေးမယ်။ ကျွန်တော်တို့မြန်မာလူမျိုးများလည်း မြန်မြန်သက်သာတာကို သဘောကျကြတယ်မလား။ အဲ့တော့ ရောင်းသူ ဝယ်သူအသံတူတော့ အလုပ်ဖြစ်တယ်ပေါ့ဗျာ။ ဒါဟာ ရေရှည်မှာကောင်းသလား နောက်တနည်း ဥပဒေနဲ့ညီရဲ့လားပေါ့။စာရေးသူဟာ ဆရာဝန်ဖြစ်တဲ့အတွက် ယခုဆောင်းပါးမှာ ဆေးပညာရှုထောင့်ကနေပဲရေးပါမယ်။
များသောအားဖြင့် စပ်ဆေးထဲမှာဘာပါလဲအတိအကျမပြောနိုင်ပေမဲ့ အနီးစပ်ဆုံးခန့်မှန်းပြောလို့ရပါတယ်။ အောက်မှာပြောပြထားတဲ့ဆေးတွေကစပ်ဆေးတွေမှာအများဆုံးတွေ့ရတဲ့ဆေးတွေဖြစ်ပါတယ်။
၁။ အကိုက်အခဲပျောက်ဆေးများ
![]() |
| source:Google |
၂။ စတီးရွိုက်ခေါ် အယောင်အရမ်းကျဆေးများ
![]() |
| source:Google |
၃။ ပိုးသတ်ဆေးများ
![]() |
| source:Google |
၄။ အကြောအားဆေးများ
![]() |
| source:Google |
၅။ အမျိုးအမည်ခွဲခြားလို့မရသောဆေးများ
![]() |
| source:Google |
ပုံမှန်အားဖြင့် ဒီဆေးတွေ(အမျိုးအမည်မသိဆေးများမပါ)ဟာ နိုင်ငံတကာမှာလည်းသုံးနေတဲ့ဆေးတွေပါ။ ကျွန်တော်တို့ နိုင်ငံမှာ ဆေးပညာရှင်မဟုတ်တဲ့လူတစ်ယောက်ယောက်က မိမိစိတ်ထင်ရာရောစပ်ပေးရင်းကနေ စပ်ဆေးဘဝကိုပြောင်းသွားရတာပါ။
ဒီအထဲမှာမှစတီးရွိုက်လို့ခေါ်တဲ့ဆေးဟာအသုံးအများဆုံးလို့ဆိုလို့ရပါတယ်။ ဒီဆေးဟာ အသုံးဝင်သလောက် အလွန်လည်းအန္တရာယ်ရှိပါတယ်။ စတီးရွိုက်ဆေးကိုသုံးလိုက်ရင် ရောဂါဟာယူပစ်သလိုပျောက်သွားပါတယ်။ သို့သော်တကယ်ပျောက်ခြင်းမဟုတ်ပဲ ရောဂါကိုဖုံးအုပ်လိုက်ခြင်းဖြစ်လို့ လူနာဟာအတော်ကြိုက်ပါတယ်။ဒီဆေးဟာနှစ်ရှည်လများသောက်လာပြီးရင်ဒုန်းတိဖြတ်လိုက်လို့မရပါဘူး။ဖြေးဖြေးချင်းဖြတ်ရပါတယ်။စပ်ဆေးစပ်တဲ့သူများဟာလည်းလူနာသက်သာရင်ပြီးရောဆိုပြီးထင်သလိုလျှောက်ပေးကြရင်းမလိုလားအပ်တဲ့နောက်ဆက်တွဲဆိုးကျိုးများဖြစ်လာနိုင်ပါတယ်။
အကိုက်အခဲပျောက်ဆေးများဟာလည်း ဆေးဝါးကောင်းများဖြစ်သလို မသုံးတတ်ပါကလူကိုဆိုးကျိုးပေးပါတယ်။ အကိုက်အခဲပျောက်ဆေးရေရှည်စွဲသောက်မယ်ဆိုရင်
-အကိုက်အခဲပျောက်ဆေးစွဲခြင်း
-အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာပြဿနာများဖြစ်လာခြင်း၊ ဥပမာ-အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း
![]() |
| source:Google |
-ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း
![]() |
| source:Google |
-အသည်းထိခိုက်ပျက်စီးခြင်း
![]() |
| source:Google |
စတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။
ပိုးသတ်ဆေးများဟာလည်းစပ်ဆေးများမှာ အလျဉ်းသင့်သလိုတွေ့နေရတတ်ပါတယ်။ပိုးသတ်ဆေးသောက်ရတဲ့လူတစ်ယောက်ဟာ ပုံမှန်အားဖြင့် အနည်းဆုံးတစ်ပတ် (သို့) ဆရာဝန်ညွန်ကြားသည့်အတိုင်းသောက်ရပါတယ်။
ဒီလိုမှမဟုတ်ပဲ မိမိစိတ်ထင်သလိုသောက်နေမယ်ဆိုရင်
-ဆေးမတိုးခြင်း၊ ဆေးယဉ်ပါးခြင်း
-ဆေးမတိုးခြင်းကြောင့် အခြားသောပိုးသတ်ဆေးပြင်းများသုံးစွဲလာရခြင်း
-ဆေးအပြင်းစားများသုံးစွဲရခြင်းကြောင့် အသည်း၊ ကျောက်ကပ်ကဲ့သို့သော ကိုယ်တွင်းအင်္ဂါများထိခိုက်နိုင်ခြင်း
စတာတွေဖြစ်လာနိုင်ပါတယ်။
အကြောအားဆေးလို့ခေါ်တဲ့ အများစုဖြစ်သော ဗီတာမင်နှင့်သတ္တုဓါတ်များပါဝင်တဲ့ဆေးများဟာလည်း ကျွန်တော်ပြောခဲ့တဲ့ဆေးတွေလို အန္တရာယ်မများလှပေမဲ့ ဘေးထွက်ဆိုးကျိုုးအနည်းနဲ့အများရှိပါတယ်။ဥပမာ-ဗီတာမင်အေ ကိုအလွန်အကျွံသောက်ခြင်းအားဖြင့် ဗီတာမင်အေလွန်ကဲခြင်း(vitaminosis)၊ ကယ်စီယံအလွန်အကျွံသောက်ခြင်းကြောင့် ကျောက်ကပ်ကျောက်တည်နိုင်ခြင်း စတဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ မလိုအပ်ပဲသောက်သုံး
ခြင်းကြောင့်လည်း မိသားစုစီးပွားရေး၊ နိုင်ငံစီးပွားရေးကိုလည်း တစ်ဖက်တစ်လှမ်းကနေထိခိုက်နစ်နာစေပါတယ်။
ယခုပြောပြခဲ့တာတွေက ကျွန်တော်တို့နိုင်ငံမှာပေါများနေတဲ့ စပ်ဆေးများမှာ တွေ့ရများတဲ့ဆေးတွေအကြောင်းပဲဖြစ်ပါတယ်။ စပ်ဆေးဆိုတာ အပ်ပုန်းများ၊ရမ်းကုများ၊ကွမ်းယာဆိုင်များစတဲ့ပညာရှင်မဟုတ်တဲ့သူတွေကထွင်လိုက်တဲ့ အန္တရာယ်များတဲ့ ကုထုံးလို့မခေါ်သာတဲ့ ကုထုံးတမျိုးသာဖြစ်ပါတယ်။ စပ်ဆေးကြောင့် အသက်ပေးသွားရတဲ့သူတွေလည်း ကျွန်တော်တို့တိုင်းပြည်မှာ မနည်းလှပါ။ ဒါကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ခုရှိလာပြီဆိုရင်
-မတွေဝေပါနဲ့
-တတ်ကျွမ်းနားလည်တဲ့ဆရာဝန်၊ဆေးပညာရှင်များနဲ့တိုင်ပင်ဆွေးနွေးကုသပါ
-မိမိကိုယ်ကိုတန်ဖိုးထားပါ
-မိမိအသက်ကိုတန်ဖိုးထားပါ
-ဘေးပတ်ဝန်းကျင်စကားထက် ဆေးပညာရှင်များရဲ့စကားကို အလေးထားပါ
ရခဲလှတဲ့လူ့ဘဝမှာ တန်ဖိုးရှိတဲ့ကျွန်တော်တို့အသက်ကိုဂရုစိုက်ရင်း စပ်ဆေးအန္တရာယ်ကင်းဝေးသော လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ထွန်းလာအောင် ကြိုးစားကြရအောင်။
မိဘပြည်သူများအားလုံး အသက်ရှည်အနာကင်းလို့ ဘယာရှင်းကြပါစေ။
ဒေါက်တာလင်း
အထွေထွေရောဂါကုဆရာဝန်









good health education
ReplyDelete