လေဖြတ်တယ်ဆိုတာ ဦးနှောက်ထဲမှာရှိတဲ့ တစ်ခု သို့မဟုတ်တစ်ခုထက်ပိုတဲ့သွေးကြောတွေပိတ်သွားတဲ့အခါ သို့မဟုတ် ပေါက်သွားတဲ့အခါမှာဖြစ်ပေါ်လာတဲ့ရောဂါတစ်ခုပါ။ အောက်စီဂျင်ကို အင်မတန်မှလိုအပ်တဲ့ဦးနှောက်ဆဲလ်တွေက သွေးကြောတွေပိတ်သွား ပေါက်သွားတဲ့အခါလုံလောက်တဲ့အောက်စီဂျင်ထောက်ပံ့မှုကိုမရတော့ပဲ မိနစ်ပိုင်းအတွင်းမှာတင်သေဆုံးသွားကြပါတယ်။ အဲ့အခါမှာအာရုံကြောတွေတုံ့ဆိုင်းပြီးလက်ခြေတွေလှုပ်မရတော့တာ၊ ပါးစပ်ရွဲ့လာတာ၊ မျက်စိတစ်ဖက်ပိတ်ဖွင့်လုပ်မရတာ၊ သတိလစ်တာ စတာတွေဖြစ်လာပါတယ်။
![]() |
| source:Google |
လေဖြတ်ရောဂါဟာတစ်ခါတစ်လေမှာကြိုတင်ခန့်မှန်းလို့ရနိုင်ပါတယ်။ ရုတ်ချည်းဆိုသလို လက်ခြေတွေလေးလံထုံကျဥ်လာတာ၊ ပစ္စည်းတစ်ခုခုကိုကိုင်ထားရင် မမြဲသလိုဖြစ်လာတာ၊ လမ်းလျှောက်ရင်အောက်ပိုင်းချိသလိုခံစားလာရတာ၊ စကားပြောရလေးလာတာ၊ ပါးကမသိမသာ သိသိသာသာရွဲ့လာတာ၊ မျက်နှာတစ်ဝိုက်မှာ ပုရွက်ဆိတ်တက်သလိုထုံကျဥ်ကျဥ်ဖြစ်လာတာ၊ မျက်ခွံတစ်ဖက်က လေးသလိုဖြစ်လာတာ၊ အမြင်အာရုံမှာကန့်လန့်ကာနဲ့ကာထားသလိုကြည့်ရခက်နေတာ၊ သွေးပေါင်ချိန်ကြည့်ရင်သွေးတိုးနေတာ၊ ခေါင်းမူး ခေါင်းကိုက်တာ၊ သတိမကောင်းသလိုဖြစ်တာ စတာတွေဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေဟာတစ်ခါတစ်လေမှာရက်အနည်းငယ်ကြိုပြီးလည်းဖြစ်နေတတ်ပါတယ်။
လေဖြတ်ရောဂါဟာသူ့ချည်းသက်သက်ကြောင့်ဖြစ်တဲ့ရောဂါမဟုတ်ပဲ ရောဂါအခံတစ်ခုခုရဲ့နောက်ဆက်တွဲရောဂါတစ်ခုလို့ပြောရင်မမှားပါဘူး။ ဆိုလိုချင်တာက တစ်ဆင့်ခံဖြစ်တဲ့ရောဂါပါ။ လေဖြတ်တာကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေအများကြီးရှိတဲ့အထဲက သွေးတိုးဆီးချိုရောဂါကိုနှစ်များစွာသေချာဆေးကုသမှုမခံယူပဲနေတာ၊ သွေးတွင်းအဆီဓါတ်များနေတာကိုဆေးကုသမှုမခံယူတာ၊ နှလုံးရောဂါအခံရှိတာ စတာတွေကလေဖြတ်ရောဂါကိုအဓိကဖြစ်စေတဲ့ တရားခံတွေလို့ပြောလို့ရပါတယ်။ အခြားသောရောဂါများဖြစ်တဲ့ သွေးကြောမူမမှန်ခြင်း၊ မွေးရာပါဦးနှောက်တွင်းသွေးကြောဖောင်းရာမှပေါက်ထွက်ခြင်း(rupture of Berry's aneurysm)၊ ဦးနှောက်တွင်းအကျိတ်ရှိခြင်း(brain tumor) စတာတွေကလည်းလေဖြတ်တာနဲ့ဆင်တူတဲ့လက္ခဏာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအထဲမှာမွေးရာပါဦးနှောက်တွင်းသွေးကြောဖောင်းတဲ့ရောဂါ(Berry’s
aneurysm)ဟာ
ရောဂါဖြစ်တဲ့နေရာနဲ့
အဆင့်ပေါ်မူတည်ပြီး
ခွဲစိတ်ကုသလိုက်မယ်ဆိုရင်ကြိုတင်ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ မဟုတ်ရင်တော့ပေါက်သွားတဲ့အခါမှာ ကုသလို့မရတော့ပဲ ရုတ်တရက်လေဖြတ်သလိုလက္ခဏာတွေဖြစ်လာပြီးအသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်။
![]() |
| rupture of Berry's aneurysm, source:Google |
လေဖြတ်ရောဂါဖြစ်ပြီဆိုရင် ကုသလို့ရတဲ့နည်းလမ်းတွေကရောဂါဖြစ်ပွားတဲ့ကြာချိန်နဲ့
ပြင်းအားအပေါ်မူတည်ပြီးကုသမှုကိုပေးရပါတယ်။ လေဖြတ်ပြီလို့သိသိချင်း ၃-၄နာရီအတွင်း tPA(Tissue plasminogen activator) လို့ခေါ်တဲ့သွေးကြဲဆေးနဲ့ကုသနိုင်ရင် လေဖြတ်တာရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုအတော်လေးလျော့ချပေးနိုင်ပါတယ်။ရောဂါမပြင်းထန်ရင် အကောင်းပကတိတောင်ပြန်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ tPA သွေးကြဲဆေးကိုဦိးနှောက်သွေးကြောပေါက်လို့ဖြစ်တဲ့လေဖြတ်ရောဂါမှာတော့ မသုံးသင့်ကြောင်းဆေးသိပ္ပံပညာကဖော်ပြထားပါတယ်။ ၄နာရီထက်နောက်ကျပြီးမှလေဖြတ်တာကိုသိရရင်တော့ အကောင်းပကတိအတိုင်းပြန်ဖြစ်ဖို့အခွင့်အရေးနည်းသွားပြီးနောက်ဆက်တွဲဆိုးကျိုးတွေလည်းပိုများလာနိုင်ပါတယ်။ လူကောင်းတစ်ယောက်လိုလမ်းမလျှောက်နိုင်တော့တာ၊ စကားပြောရခက်လာတာ၊ အစာမျိုရခက်လာတာ၊ တစ်ခုခုစိတ်အပြောင်းအလဲမြန်ပြီး စိတ်တိုလွယ်ဝမ်းနည်းလွယ်လာတာ၊ ဆီးဝမ်းထိန်းချုပ်ဖို့ခက်ခဲလာတာ၊ သာမာန်လူတစ်ယောက်လိုမလုပ်နိုင်တော့ပဲ သူတစ်ပါးအပေါ်မှီခိုလာရတဲ့အတွက် စိတ်ဓါတ်ကျလွယ်လာတာစတဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာပါတော့တယ်။
ခုလက်ရှိလေဖြတ်ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေအတွက် အကျိုးရှိတဲ့ကုသနည်းကတော့ကိုယ်ခန္ဓာနှင့်အကြောပြန်လည်သန်စွမ်းရေးကုထုံး(physiotherapy)ပဲဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာပံ့ပိုးပေးခြင်း(psychological support)၊ လိုအပ်တဲ့ကုသမှုကိုပေးခြင်း(supportive treatment) တွေလည်းလိုအပ်ပါသေးတယ်။ ဒီကုထုံးတွေကို တပြိုင်နက်ထဲအတူတူအသုံးချကုသပေးမယ်ဆိုရင် ကောင်းမွန်တဲ့ရလဒ်တွေရနိုင်တဲ့အပြင် ရောဂါသိပ်မပြင်းထန်ရင် လူကောင်းပကတိနီးပါးတောင်ပြန်ဖြစ်နိုင်ပါသေးတယ်။ ဒါပေမဲ့လေဖြတ်ဖူးတဲ့လူတစ်ယောက်က ဒုတိယအကြိမ်ပြန်လေဖြတ်နိုင်ပါသေးတယ်။ ဒီလိုထပ်မဖြစ်ဖို့အတွက်အကောင်းဆုံးကာကွယ်ခြင်းကတော့ လေဖြတ်တာကိုဖြစ်စေတဲ့ အရင်းခံတွေကိုထိန်းချုပ်ခြင်းပါပဲ။
![]() |
| source:Google |
အပေါ်မှာပြောခဲ့သလို လေဖြတ်တာဟာသွေးတိုးဆီးချိုနဲ့ သွေးတွင်းအဆီဓါတ်များခြင်းစတာတွေရဲ့နောက်ဆက်တွဲရောဂါတစ်ခုဖြစ်တဲ့အတွက် သွေးတိုးဆီးချိုနဲ့သွေးတွင်းအဆီဓါတ်များတာတွေကိုထိန်းချုပ်ဖို့လိုပါတယ်။ ဒီရောဂါတွေကို ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ထိန်းချုပ်ကုသမယ်ဆိုရင်လေဖြတ်ရောဂါကိုလည်းအလိုအလျောက်ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ ဒါ့အပြင် အဆီအငန်နဲ့အချိုလွန်ကဲတဲ့အစားအသောက်တွေကိုရှောင်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းလိုက်စားတာ၊ အိပ်ရေးဝအောင်အိပ်တာ စတာတွေဟာလည်းသွေးတိုးဆီးချို၊ သွေးတွင်းအဆီဓါတ်၊ လေဖြတ်ရောဂါတွေကာကွယ်တဲ့နေရာမှာ အလွန်အထောက်အပံ့ပေးပါတယ်။
လေဖြတ်ရောဂါဆိုတာ ရောဂါတစ်ခုသက်သက်မျှသာမဟုတ်ပဲ လူမှုစီးပွားရေးပြဿနာတစ်ခု(socio-economic
burden disease) ဖြစ်ပါတယ်။
အိမ်တစ်အိမ်မှာ
လူတစ်ယောက်လေဖြတ်ရောဂါခံစားနေရရင်ကျန်တဲ့မိသားစုတွေကပါ စိတ်ထောင်းကိုယ်ကြေဖြစ်ရတဲ့အပြင် မိသားစုရဲ့လူမှုရေး၊ စီးပွားရေးကိုလည်းနှောင့်နှေးစေတဲ့အတွက် ဖြစ်မှဆေးကုလိုက်မယ်ဆိုတာထက် ကြိုတင်ကာကွယ်တာကအကောင်းဆုံးပါပဲ။
အချုပ်ပြောရရင် လေဖြတ်ရောဂါကိုကာကွယ်တဲ့ ကာကွယ်ဆေးဆိုတာ ကမ္ဘာမှာရောမြန်မာမှာပါမရှိသေးပါဘူး။ လေဖြတ်ထားတဲ့လူတစ်ယောက်ရဲ့အာရုံကြောလေးတွေအတိုင်းအတာတစ်ခုအထိပြန်ကောင်းလာအောင်လို့ ထိုးပေးနေတဲ့ piracetam, citicholin စတဲ့ဆေးတွေဟာ အာရုံကြောဆေးမျှသာဖြစ်ပြီးလေဖြတ်ရောဂါကိုတကယ်ကာကွယ်ပေးတဲ့ဆေးတွေမဟုတ်ပါဘူး။ လေဖြတ်ရောဂါကိုတကယ်ကာကွယ်ပေးတဲ့ကာကွယ်ဆေးတွေက သွေးတိုးဆီးချို၊ သွေးတွင်းအဆီဓါတ်တွေကို မတက်အောင်သောက်ဆေးနဲ့ထိန်းတာကိုယ်လက်လေ့ကျင့်ခန်းမှန်မှန်လိုက်စားတာ၊ အဆီအငန်နဲ့ အချိုလွန်ကဲတဲ့အစာတွေကိုရှောင်တာ၊ အသင့်စားအစားအသောက်တွေကိုခဏခဏမစားတာ၊ အရက် ဆေးလိပ် ဘီယာတွေကိုမသောက်သုံးတာ၊ အိပ်ရေးဝအောင်အိပ်တာ စတာတွေကသာလျှင် စစ်မှန်တဲ့လေဖြတ်ရောဂါကာကွယ်ဆေးတွေသာဖြစ်တယ်လို့ ထပ်ပြီးပြောပါရစေ။
![]() |
| source:Google |
အကယ်၍လူတစ်ယောက်ကသင့်ကိုလေမဖြတ်အောင်လေဖြတ်ရောဂါကာကွယ်ဆေးထိုးပေးမယ် တစ်လကိုတစ်ကြိမ်ထိုးရမယ်၊ ဘယ်နှစ်လုံးထိုးပြီးရင် တစ်သက်လုံးလေဖြတ်တာကိုကာကွယ်ပေးတယ်စသဖြင့်ပြောလာခဲ့ရင် သင့်အိတ်ထဲကပိုက်ဆံတွေကိုလိမ်ညာပြီးနှိုက်ယူတော့မယ်ဆိုတာကို သတိရလိုက်ပါ။
![]() |
| source:Google |
ကံကောင်းပြီးဉာဏ်ရှိသော မြန်မာပြည်သူ၊ ပြည်သားများဖြစ်ကြပါစေ။
ဒေါက်တာလင်း
အထွေထွေရောဂါကုဆရာဝန်






No comments:
Post a Comment