၁. Biguanides(ဘစ်ဂွားနိုက်အုပ်စု
သွေးချိုဆီးချိုဆေး)
ဒီအုပ်စုမှာ အဓိကပါဝင်တဲ့
ဆေးကတော့ Metformin(မက်ဖော်မင်) လို့လူသိများတဲ့ဆေးပဲဖြစ်ပါတယ်။
ဒီဆေးကို ပြင်သစ်ပန်းအမျိုးအစားတစ်မျိုးဖြစ်တဲ့ French lilac ပန်းကနေထုတ်ဖော်ထားတာပါ။သဘာဝကရတဲ့
မက်ဖော်မင်ဆေးဟာ ယနေ့ထိဆေးသိပ္ပံလောကရဲ့ အကြိုက်ဆုံးဆေးတွေထဲကတစ်ခုဖြစ်နေစဲပါ။ မက်ဖော်မင်ဟာ ကိုယ်တွင်းကအင်ဆူလင်ဟော်မုန်းကို ဆဲလ်တွေပိုအသုံးပြုနိုင်အောင်အားပေးပါသလို အူတွင်း ဂလူးကို့စ်(glucose)စုပ်ယူမှုကိုလည်းအတော်အတန်လျော့ချပေးပါတယ်။ (အင်ဆူလင်အကြောင်းဆက်လက်ဖော်ပြပေးသွားပါမယ်)။ မက်ဖော်မင်ကိုသောက်မယ်ဆို တစ်နေ့ ၁ ကြိမ်(သို့) ၂ကြိမ်ကနေစသောက်လို့ရပါတယ်။ ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကတော့
သွေးတွင်းအချိုဓါတ်ကျဆင်းခြင်း(hypoglycaemia)၊ အစာမကြေ
လေပွခြင်း၊ ပျို့အန်ခြင်း၊ ဆေးနဲ့ ဓါတ်မတည့်ခြင်းစတာတွေဖြစ်နိုင်ပါတယ်။
ဒီနေရာမှာတစ်ခုသတိထားရမှာက မက်ဖော်မင်ကြောင့် ကျောက်ကပ်ပျက်စီးတယ်ဆိုတာလုံးဝမှားပါတယ်။
သွေးချိုဆီးချိုဖြစ်တဲ့သက်တမ်းကြာလာခြင်း၊ ဆေးသောက်သုံးမှုပုံစံမမှန်ခြင်းစတာတွေကြောင့်ဖြစ်ပါတယ်(သွေးချိုဆီးချိုဖြစ်တဲ့သက်တမ်းကြာလာတာနဲ့အမျှ
ကျောက်ကပ်အပြင်ကိုယ်တွင်းအင်္ဂါများထိခိုက်ပျက်စီးနှုန်းကလည်းမြင့်တက်လာနိုင်ပါတယ်)
![]() |
| source:Google |
၂. Sulfonylureas(ဆာလ်ဖိုနိုင်းယူရီးယားအုပ်စု
သွေးချိုဆီးချိုဆေး)
ဒီအုပ်စုကို ဆေးလောကနဲ့
ဈေးကွက်ထဲမှာ Gliclazide(ဂလီကလာဇိုက်)ဆိုပြီးလူသိများကြပါတယ်။ဒီဆေးဟာ
ကိုယ်တွင်းကအင်ဆူလင်ဟော်မုန်းထုတ်လွှတ်မှုကိုအားပေးတဲ့ဆေးပါ။ ဂလီကလာဇိုက်ဟာလည်းသွေးချိုဆီးချိုကိုကုသရာမှာ
ထိရောက်တဲ့ဆေးတမျိုးဖြစ်ပြီး မက်ဖော်မင်နဲ့တွဲသုံးရင်ပိုကောင်းတဲ့ရလဒ်ကိုထွက်ပေါ်စေပါတယ်။
ဒီဆေးကိုသောက်မယ်ဆိုရင် တစ်နေ့ ၁ကြိမ်(သို့)၂ကြိမ်ကနေစသောက်လို့ရပါတယ်။ဒီဆေးရဲ့အဓိကဘေးထွက်ဆိုးကျိုးကတော့
ရုတ်တရက်သွေးတွင်းအချိုဓါတ်ကျဆင်းခြင်း(masked hypoglycaemia)ပဲဖြစ်ပါတယ်။ ဆိုလိုတာကဒီဆေးကိုသောက်သုံးနေတဲ့သူဟာ သွေးတွင်းအချိုဓါတ်ကျဆင်တာကိုသတိမထားမိတတ်ပဲရုတ်တရက်ဆိုသလို
သွေးတွင်းအချိုဓါတ်ထိုးကျသွားတာပါ။ ဒါကြောင့် ဒီဆေးကိသောက်နေတဲ့သူဟာ
ဆေးသောက်ပြီးနာရီဝက်အတွင်းအစာစားဖို့လိုပါတယ်။ တခြားသောဘေးထွက်ဆိုးကျိုတွေဖြစ်တဲ့
အစာမကြေ လေပွခြင်း၊ ပျို့အန်ခြင်း၊ ဆေးနဲ့ဓါတ်မတည့်ခြင်းစတာတွေလည်းဖြစ်တတ်ပါတယ်။
၃. Thiazoladinediones(သိုင်ယာဇိုလဒင်းဒိုင်အုံးအုပ်စု
သွေးချိုဆီးချိုဆေး)
ဒီဆေးကလည်း မက်ဖော်မင်နဲ့လုပ်ဆောင်ပုံခြင်းဆင်တူပြီး
ဆဲလ်များကအင်ဆူလင်ကိုအသုံးပြုနိုင်အောင်အားပေးပါတယ်။
ဒီဆေးကိုတော့
pioglitazone ဆိုပြီးဈေးကွက်ထဲမှာ ရရှိနိုင်ပြီး တစ်နေ့ကို ၁ကြိမ်ကနေ
သို့မဟုတ် ဆရာဝန်ညွန်ကြားတဲ့အတိုင်းသောက်လို့ရပါတယ်။ သတိထားရမှာက ဒီဆေးကို နှလုံးရောဂါအခံရှိတဲ့သူတွေမှာ
သုံးဖို့မသင့်တော်ပါဘူး။ နှလုံးရောဂါကိုပိုဆိုးစေနိုင်ပါတယ်။ တခြားဘေးထွက်ဆိုးကျိုးတွေအနေနဲ့
သွေးတွင်းအချိုဓါတ်ကျဆင်းခြင်း၊ အသက်ရှုလမ်းကြောင်းပိုးဝင်နိုင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရိုးပွအရိုးကျိုးလွယ်ခြင်း(အလွန်ရှားပါတယ်) စတာတွေဖြစ်နိုင်ပါတယ်။
၄. Alpha glucosidase inhibitor
ဒီဆေးရဲ့လုပ်ဆောင်ပုံကထူးခြားပါတယ်။
အူလမ်းကြောင်းကနေ ဂလူးကို့စ်ဓါတ်ကိုစုပ်ယူမှုကိုဟန့်တားပေးခြင်းနည်းလမ်းနဲ့
သွေးတွင်းအချိုဓါတ်ရောက်ရှိမှုကိုလျော့နည်းစေပါတယ်။ ဒီဆေးကိုသောက်ပြီဆိုရင်အဓိကကြုံရတဲ့
ဘေးထွက်ဆိုးကျိုးက လေပွခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနဲ့ ဝမ်းလျှောခြင်းပဲဖြစ်ပါတယ်။ ဒီဆေးကို Acarbose(အကားဗို့စ်)
ဆိုတဲ့နာမည်နဲ့ ရရှိနိုင်ပါတယ်။
5. GLP-1
and DPP4i
ဒီဆေး ၂မျိုးကလည်းလုပ်ဆောင်ပုံထူးခြားပါတယ်။
လူရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကိုအစာဝင်ရောက်လာတဲ့အခါမှာ
GLP-1 နဲ့ DPP4 ဆိုတဲ့ အင်ဇိုင်း၂မျိုးထွက်ပါတယ်။ ဒီအင်ဇိုင်း ၂မျိုးဟာတစ်ခုနဲ့ တစ်ခု
အပြန်အလှန်မှီခိုနေပြီး အင်ဆူလင်ထုတ်လွှတ်မှုကိုအားပေးပါတယ်။ ဒီဆေး ၂မျိုးကို exenatide
နဲ့sitagliptin
ဆိုပြီးလူသိများကြပါတယ်။exenatide ဆေးက GLP-1 အပေါ်မှာသက်ရောက်မှုရှိပြီး GLP-1 ကိုအားပေးပြီး၊
sitagliptin ကတော့ DPP4 အင်ဇိုင်းရဲ့ လုပ်ဆောင်မှုကိုဟန့်တားပေးပါတယ်။ ဒီဆေး ၂မျိုးရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
အစာမကြေပျို့အန်ခြင်း၊ လေပွခြင်းနဲ့ ဝမ်းပျက်ခြင်း(ဝမ်းချုပ်၊ဝမ်းလျှော)တို့ဖြစ်နိုင်ပါတယ်။
၆.
Sodium glucose co-transporter 2 inhibitor(SGLT2i)
ခုနောက်ပိုင်းထွက်လာတဲ့သွေးချိုဆီးချိုဆေးတွေထဲမှာ
မက်ဖော်မင်ပြီးရင် ဒီဆေးကအကောင်းဆုံးလို့ပြောလို့ရပါတယ်။
တချို့ဆရာဝန်တွေဆို ဒီSGLT2i ကိုတောင်ပထမဦးစားပေးရွေးချယ်တတ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း
မက်ဖော်မင်ထက်ဒီဆေးကိုပိုသဘောကျပါတယ်။ ဒီဆေးကသွေးချိုကိုပါကျစေတဲ့အပြင် သွေးတိုးနဲ့
နှလုံးရောဂါရှိသူတွေမှာသုံးရင် သွေးတိုးနဲ့ နှလုံးရောဂါကိုပါထိန်းပြီးသားဖြစ်ပြီး ဆေးရုံတက်ရတဲ့နှုန်းကိုပါကျဆင်းစေပါတယ်။
ဒီဆေးရဲ့လုပ်ဆောင်ပုံက အပေါ်မှာပြောပြသွားတဲ့ ဆေးတွေရဲ့လုပ်ဆောင်ချက်နဲ့ပြောင်းပြန်ဖြစ်ပါတယ်။
သွေးတွင်းအချိုဓါတ်ကို ကျဆင်းစေပြီးဆီးတွင်းအချိုဓါတ်ကိုတော့တက်စေပါတယ်။ သုတေသနပြုချက်အရ
ကျောက်ကပ်အတော်အတန် မကောင်းတဲ့လူနာတွေမှာတောင်ဒီဆေးကိုအသုံးပြုနိုင်ကြောင်းဖော်ပြထားပါတယ်။ဒီ
SGLT2i ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ အမျိုးသမီးတွေမှာဆိုရင်
မအင်္ဂါမှာ မှိုစွဲရောဂါဖြစ်နိုင်ခြင်းတို့ဖြစ်ပါတယ်။ နောက်တချက်က ဒီဆေးကတခြား သွေးချိုဆီးချိုဆေးတွေထက်အာနိသင်ပိုကောင်းသလောက်
ဈေးလည်းပိုကြီးပါတယ်။ ဒီဆေးကို canagliflozin, enpagliflozin ဆိုပြီး ဈေးကွက်ထဲမှာရရှိနိုင်ပါတယ်။
၇.
Insulin(အင်ဆူလင်)
သွေးချိုဆီးချိုရောဂါအတွက် နောက်ဆုံးအဆင့်ဆရာကြီးလို့တောင်တင်စားရပါမယ်။
သွေးချိုဆီးချိုရဲ့အဓိပြဿနာက
အင်ဆူလင်ကိုလုံလောက်အောင် သို့မဟုတ်လုံးဝမထုတ်နိုင်တာ၊ ထုတ်လိုက်တဲ့အင်ဆူလင်ဟော်မုန်းကို
ဆဲလ်တွေကမသုံးနိုင်လို့ သွေးတွင်းအချိုဓါတ်မြင့်တက်နေတာပါပဲ။ သောက်ဆေးတွေနဲ့ မလုံလောက်တော့ရင်
ကိုယ်ခန္ဓာကထုတ်ပေးတဲ့ အင်ဆူလင်နဲ့ပုံစံတူတဲ့ insulin analogues ဆိုတာကိုထိုးရပါတယ်။ တစ်ခုသိထားရမှာက
အင်ဆူလင်ဟာ ပရိုတိန်းအမျိုးအစားဟော်မုန်းဖြစ်တဲ့အတွက် သောက်ဆေးမရှိပဲ ထိုးဆေးတစ်ခုသာရှိပါတယ်။
အင်ဆူလင်ထိုးဆေးအမျိုးအစားကို အကြမ်းဖျင်းအားဖြင့် ၃မျိုးခွဲခြားထားပြီးဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ
အသုံးပြုသင့်ပါတယ်။ အင်ဆူလင်ထိုးဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ရုတ်တရက်သွေးတွင်းအချိုဓါတ်ကျဆင်းခြင်း၊
ဆေးအမြဲထိုးတဲ့နေရာမှာအဆီလျော့နည်းပြီး ပိန်လှီလာခြင်းစတာတွေဖြစ်နိုင်ပါတယ်။
အခုဖော်ပြပေးသွားတဲ့ သွေးချိုဆီးချိုဆေးတွေက
မြန်မာအပါအဝင် ကမ္ဘာတစ်ဝှမ်းမှာအသုံးပြုနေကြတဲ့ဆေးတွေပါ။
ဒီဆေးတွေဟာ ဆရာဝန်ခွင့်ပြုချက်ရှိမှ အသုံးပြုလို့ရတဲ့ဆေးတွေဖြစ်လို့ ကိုယ့်သဘောနဲ့ကိုယ်မသုံးကြဖို့
အရေးကြီးပါတယ်။ သွေးချိုရောဂါရှိပြီဆိုတာကိုသိတာနဲ့ ကုသမှုကိုစောစော ခံယူတာက
ရောဂါကိုပိုမဆိုးလာအောင်ထိန်းချုပ်နိုင်ပြီး လူ့သက်တမ်းစေ့နေနိုင်ပါတယ်လို့ အကြံပြုပါတယ်။
ကံကောင်း၍ဉာဏ်ရှိသော မြန်မာပြည်သူ၊ ပြည်သားများဖြစ်နိုင်ကြပါစေ။
ဒေါက်တာလင်း
အထွေထွေရောဂါကုဆရာဝန်










No comments:
Post a Comment