Friday, January 17, 2020

သွေးတိုးကျဆေးများအကြောင်းသိကောင်းစရာ

                   ၂၁ရာစုဟာ ကူးစက်ရောဂါအများစုကိုထိန်းချုပ်လာနိုင်တဲ့ခေတ်လို့တောင်ပြောရပါမယ်။ ကာလဝမ်းရောဂါ ပလိတ်ရောဂါလိုမျိုးကပ်ရောဂါတွေကိုတောင် ဆေးသိပ္ပံပညာကထိန်းချုပ်တားဆီးနိုင်ခဲ့တာဆယ်စုနှစ်အတော်ကြာပါပြီ။ ဒါပေမဲ့ အရာရာဟာတိုးတက်ပြောင်းလဲနေတာနဲ့အမျှ ဖြစ်ပွားတဲ့ရောဂါများဟာလည်း အသွင်ပြောင်းလာခဲ့ပါတယ်။ ယနေ့ခေတ်မှာ ခေတ်ပေါ်ရောဂါလို့တောင်တင်စားလို့ရလာတဲ့မကူးစက်နိုင်သောရောဂါများ(non-communicable diseases)ဟာ လူသားများနဲ့ လူ့အသိုင်းအဝိုင်းကြားမှာနေရာယူလာပါတယ်။ သက်ကြီးပိုင်းလူကြီးတွေ တစ်ယောက်နဲ့တစ်ယောက်တွေ့လို့စကားပြောကြရင် ကိုယ့်မှာ ဘာရောဂါဖြစ်နေပါတယ်လို့ပြောတာက စတိုင်တစ်ခုလိုတောင်ဖြစ်လာပါပြီ။ ဒီလိုမကူးစက်နိုင်တဲ့ရောဂါများထဲမှာ သွေးတိုးရောဂါဟာခေတ်အစားဆုံးရောဂါလို့ပြောရင်မမှားပါဘူး။ ဒါကြောင့်အခုဆောင်းပါးမှာသွေးတိုးရောဂါဖြစ်ရင် သောက်သင့်တဲ့ဆေးဝါးများနဲ့ ဒီဆေးတွေရဲ့ကောင်းကျိုးဆိုးကျိုးများကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဆေးပညာနဲ့အကျွမ်းတဝင်မရှိတဲ့သူများလည်းဖတ်ရအဆင်ပြေအောင် အတတ်နိုင်ဆုံးမြန်မာမှုပြုပြီးရေးသားသွားပါမယ်။

 ၁. Calciul channel blocker(CCB)          
                  ဒီဆေးကိုအတိုကောက်အနေနဲ့ CCB ကိုတင်စားခေါ်ပါတယ်။ ခန္ဓာကိုယ်တွင်းက ကယ်လ်စီယမ်ဂိတ်လေးတွေကို ပိတ်ပင်တားဆီးခြင်းအားဖြင့် သွေးတိုးရောဂါကိုထိန်းချုပ်ပေးပါတယ်။အဲ့ဒီဂိတ်လေးများဟာနှလုံးနဲ့ သွေးလွှတ်ကြောနံရံမှာရှိပြီး ဒီဆေးကြောင့် သွေးလွှတ်ကြောနံရံတွေကျယ်လာပြီး သွေးတိုးတာကိုသက်သာစေပါတယ်။ ဒီဆေးကိုသောက်မယ်ဆိုရင်များသောအားဖြင့် တစ်ရက်ကို တစ်ကြိမ်ပဲသောက်ဖို့လိုပါတယ်။ ဒီဆေးဟာ သွေးတိုးရောဂါအတွက် ပထမတန်းစားဆေး(first line drug)လို့သတ်မှတ်ရလောက်အောင်အစွမ်းထက်ပါတယ်။သူ့ရဲ့မကောင်းတဲ့အဓိကဘေးထွက်ဆိုးကျိုးကတော့ခြေထောက်တွေဖောတာပဲဖြစ်ပါတယ်(leg oedema)။ ခေါင်းကိုက်တာ ရင်တုန်တာဆေးနဲ့ဓါတ်မတည့်တာစတဲ့ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါသေးတယ်။ ဈေးကွက်ထဲမှာ amlodipine, amlong စတဲ့နာမည်တွေနဲ့ ရရှိနိုင်ပါတယ်။ 


source:Google


၂. Angiotensin converting enzyme inhibitor(ACEI)            
                ဒီဆေးကိုတော့ ‘အေစီအီးအိုင်’လို့ပဲ အလွယ်ခေါ်ပါမယ်။ ဒီဆေးရဲ့အလုပ်လုပ်ပုံက ကျောက်ကပ်ကနေရေနဲ့ဆားဓါတ်ကို စွန့်ထုတ်မှုကိုအားပေးခြင်း၊ ကျောက်ကပ်သွေးကြောနံရံများကိုကျယ်စေခြင်း၊ နှလုံးအပေါ်မှာသက်ရောက်မှုရှိခြင်းအားဖြင့် သွေးတိုးခြင်းကို ထိန်းချုပ်ပေးပါတယ်။ ဒီဆေးကလည်း သွေးတိုးရောဂါအတွက် ပထမတန်းစားဆေးထဲမှာပါတဲ့အပြင် အပေါ်က CCB ဆေးတွေနဲ့တွဲသုံးရင် ပိုလို့တောင်အာနိသင်ရှိပါသေးတယ်။ နှလုံးရောဂါနဲ့ ဆီးချိုရောဂါအခံရှိတဲ့သူတွေလည်းသောက်သုံးလို့ရတဲ့ဆေးတမျိုးပါ။ဒါပေမဲ့ နာတာရှည်ကျောက်ကပ်ရောဂါအခံရှိတဲ့သူတွေမှာတော့ ဒီဆေးကိုဆရာဝန်ညွန်ကြားချက်နဲ့ သောက်သုံးသင့်ပါတယ်။ ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးကတော့ ချောင်းဆိုးခြင်း၊ ရုတ်တရက်သွေးပေါင်ကျခြင်း(first dose hypotension)၊ဆေးနဲ့ဓါတ်မတည့်ခြင်း၊ပိုတက်ဆီယမ်ဓါတ်များခြင်း(hyperkalemia)စတာတွေဖြစ်တတ်ပါတယ်။ ဈေးကွက်ထဲမှာ enalapril, perindopril စတဲ့နာမည်များနဲ့ ရရှိနိုင်ပါတယ်။ 



source:Google


၃. Beta blocker            
                ဒီဆေးက အဓိကနှလုံးအပေါ်မှာသက်ရောက်မှုရှိပါတယ်။ နှလုံးကြွက်သားညှစ်ခြင်းကို ထိန်းချုပ်ပေးပြီး နှလုံးခုန်နှုန်းကို ထိန်းညှိပေးခြင်းအားဖြင့် သွေးတိုးရောဂါကိုသက်သာစေပါတယ်။ ဒီဆေးကိုသွေးတိုးရောဂါနဲ့ နှလုံးရောဂါတွဲဖြစ်နေသူတွေမှာဆရာဝန်များက ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ သွေးတိုးရောဂါနဲ့ဆီးချိုရောဂါတွဲဖြစ်နေသူတွေမှာတော့ ဒီဆေးကိုမသုံးသင့်သလို သုံးမယ်ဆိုရင်လည်း ဆရာဝန်နဲ့တိုင်ပင်ပြီးမှသုံးသင့်ပါတယ်။ ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးကတော့ နှလုံးခုန်နှေးခြင်း၊ ဝမ်းချုပ်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ပျို့အန်ခြင်း စတာတွေဖြစ်တတ်ပါတယ်။ ဒီဆေးကိုတော့ သွေးတိုးရောဂါကုသရာမှာ ဒုတိယတန်းစားဆေး(second line drug)အဖြစ်သတ်မှတ်ကြပါတယ်။ ဆိုလိုချင်တာက အပေါ်ကဆေး၂မျိုးနဲ့ ထိန်းမနိုင်တော့မှသာဒီဆေးကို အသုံးပြုလေ့ရှိပါတယ်။ ဈေးကွက်ထဲမှာ metoprolol, atenolol, carvedilol, nevibolol စတဲ့နာမည်တွေနဲ့ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ propranolol ဆိုတဲ့အမျိုးအစားကိုတော့ သွေးတိုးအတွက်သုံးလေ့မရှိပါဘူး။ ဒီဆေးကို ပန်းနာရင်ကြပ်(asthma) လူနာတွေမှာသုံးမိရင် လေပြွန်တွေကိုကျဥ်းစေပြီး ပန်းနာရင်ကြပ်ကိုပိုဆိုးလို့ပဲ ဖြစ်ပါတယ်။ 


source:Google


၄. Diuretics(ဆီးဆေး)           
                ဒီဆေးကိုတော့ ဆီးဆေး၊ ဆီးရွှင်ဆေးလို့ပဲဘာသာပြန်ပါရစေ။ သွေးတိုးရောဂါအတွက်နောက်ဆုံးဆေးလို့တောင်ခေါ်လို့ရပါတယ်။ အပေါ်ကဆေး ၃မျိုးနဲ့ သွေးတိုးကိုထိန်းမရရင် ဒီဆေးကိုထည့်လေ့ရှိပါတယ်။ ဒါပေမဲ့ မသုံးမဖြစ်တဲ့ အခြေအနေမှဆရာဝန်တွေကသုံးလေ့ရှိပါတယ်။ လက်ရှိအသုံးပြုနေတဲ့ဆီးဆေးအမျိုးအစား ၃မျိုးရှိပါတယ်။                        
        က. Loop diuretics                        
                        ဒီဆီးဆေးကတော့ ကျောက်ကပ်ရဲ့ ဆီးလုပ်ပြွန်လေးတွေမှာ ရေနဲ့ဆားစုပ်ယူမှုကိုတားမြစ်ပေးပြီး ဆီးအထွက်များစေပါတယ်။ အသုံးများတဲ့ဆီးဆေးတစ်မျိုးလည်းဖြစ်ပါတယ်  


source:Google
                      

        ခ. Thiazides                        
                       ဒီဆေးကလည်း အပေါ်ကဆီးဆေးနဲ့ လုပ်ဆောင်ပုံခြင်းဆင်တူပြီး ACEI ဆေးနဲ့ တွဲသုံးလေ့ရှိပါတယ်။ ဒီဆေးကိုလည်းသွေးတိုးရောဂါအတွက် အသုံးပြုကြပါတယ်။    


source:Google
                   

        ဂ. Potassium sparing diruretics                       
                       ဒီဆေးကတော့ ဆီးထဲကနေပိုတက်ဆီယမ်တွေကို မစွန့်ထုတ်ပဲနဲ့ ဆီးထွက်စေတဲ့ဆေးပါ။  ဆိုလိုတာက အပေါ်ကဆီးဆေး ၂မျိုးက ဆီးထဲကနေ ပိုတက်ဆီယမ်ကိုပါထွက်စေပါတယ်။
          ဆီးဆေးတွေကို သွေးတိုးရောဂါကုသဖို့အတွက် နောက်ဆုံးမှသာရွေးချယ်လေ့ရှိကြပါတယ်။ ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကတော့ သွေးတွင်းရေနှင့်ဆားဓါတ်ဆုံးရှုူံးစေခြင်း၊ ယူရစ်အက်စစ်(uric acid)တက်စေခြင်း၊ သွေးတွင်းသက်စောင့်ဓါတ်မမှန်ခြင်း(electrolyse disturbance)၊ သွေးပေါင်ထိုးကျခြင်း၊ လူနှုံးခြင်း၊ နားအူခြင်း၊ ခေါင်းမူးခေါင်းကိုက်ဖြစ်ခြင်းစတာတွေဖြစ်တတ်ပါတယ်။ ဒီဆီးဆေးတွေကိုတော့ ဆရာဝန်ညွန်ကြားချက်ပါမှသောက်တာအကောင်းဆုံးပါပဲ။ 


source:Google


၅. Angiotensin receptor blocker(ARB)            
                  ဒီဆေးကတော့ ACEI ဆေးနဲ့ အာနိသင်ခြင်းတူပြီး အထူးသဖြင့် ACEI နဲ့ မတည့်တဲ့သူတွေမှာသုံးပါတယ်။ thiazides ဆီးဆေးနဲ့လည်းအခုနောက်ပိုင်းမှာတွဲသုံးလာကြပါတယ်။ ဈေးကွက်ထဲမှာ Losartan,Valsartan, telmisartan စတဲ့နာမည်တွေနဲ့ ရရှိနိုင်ပါတယ်။  


source:Google
           

                  အခုဆိုရင် သွေးတိုးရောဂါမှာအသုံးများတဲ့ ဆေးတွေနဲ့ ဒီဆေးတွေရဲ့ အလုပ်လုပ်ပုံ ကောင်းကျိုးဆိုးကျိုးစတာတွေကို ပြောပြပေးထားပါတယ်။ သွေးတိုးရောဂါဟာ တစ်ခါဖြစ်ဖူးရုံနဲ့ တစ်သက်လုံးဖြစ်နိုင်တဲ့ရောဂါဖြစ်ပါတယ်။ ဖြစ်ပြီဆိုရင်လည်း တစ်သက်လုံးဆေးကိုစွဲသောက်ဖို့လိုအပ်ပါတယ်။ ဆေးသောက်တာအပြင် အစားအသောက်ဆင်ခြင်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဆောင်ပေးတာ တွေကလည်းသွေးတိုးရောဂါကိုထိန်းချုပ်ရာမှာ အလွန်အသုံးဝင်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါရှိပြီဆိုတာနဲ့ ဆရာဝန်ညွန်ကြားချက်အတိုင်း ဆေးသောက်ဖို့လိုသလို ကိုယ်တိုင်ကလည်း လူနေမှုဘဝမှာဆင်ခြင်ဖို့ အရမ်းအရေးကြီးပါတယ်။            ယခုဖော်ပြပေးသွားတဲ့ဆေးတွေက ကိုယ့်သဘောနဲ့ကိုယ်သောက်ရမှာမဟုတ်ပဲ ဆရာဝန်ညွန်ကြားချက်အတိုင်းသောက်ရမည့်ဆေးတွေဖြစ်လို့ အရင်ဆုံးဆရာဝန်နဲ့တိုင်ပင်ဖို့လိုအပ်ပါတယ်။            

             ကံကောင်း၍ဉာဏ်ရှိသော မြန်မာနိုင်ငံသူ၊ နိုင်ငံသားများဖြစ်ကြပါစေ။  



ဒေါက်တာလင်း

အထွေထွေရောဂါကုဆရာဝန် 


*ဒီဆောင်းပါးရဲ့တစ်စိတ်တစ်ပိုင်း(သို့)ဆောင်းပါးတစ်ပုဒ်လုံးကို ကူးယူဖော်ပြလိုပါက credit ပေးပြီးကူးယူဖော်ပြနိုင်ပါသည်။*




No comments:

Post a Comment