Thursday, January 16, 2020

အသည်းကွဲတတ်ဖို့ဆိုတာ...

              ဘဝမှာ လူမှန်ရင်အသည်းကွဲဖူးရတယ်။ ဟာ…လူတင်မကဘူး၊ တိရိစ္ဆာန်တွေတောင်အသည်းကွဲတတ်တာ။ ခွေးလေး ကြောင်လေးတွေဆိုသူတို့သခင်သေသွားလို့ အသည်းကွဲနေတာ ဝမ်းနည်းနေတာတွေ့ဖူးမှာပါ။ တချို့ဆိုသေသွားတဲ့ သခင်နားကတောင်မခွာကြဘူး။ တိရိစ္ဆာန်လေးတွေတောင် အသည်းကွဲဖူးတာ ခင်ဗျားကအသည်းမကွဲဖူးဘူးဆိုရအောင် ဘာလားပေါ့။ မကျေနပ်သေးဘူးလား…ထပ်ပြောပြမယ်။ ဘုရားသခင်တောင်အသည်းကွဲဖူးတယ်။              

            အသည်းကွဲတယ်လို့ပြောတာယေဘုယျဆန်တယ်။ အသည်းကွဲတယ်လို့ပြောလိုက်ရင် ခင်ဗျားမျက်စိထဲအရင်ဆုံးတန်းမြင်တာက သမီးရည်းစားတွေပြတ်သွားလို့အသည်းကွဲတဲ့ကိစ္စမလား။ ကြိုသိနေတယ်လေ…ခင်ဗျားတင်မကဘူး။ လူတိုင်းအဲ့ကိစ္စကိုပဲအရင်ဆုံးပြေးမြင်မှာ…။  


source:Google
           
              အသည်းကွဲတာအမျိုးမျိုးရှိတယ်။ ကိုယ်ချစ်တဲ့သူနဲ့ကွေကွင်းရလို့အသည်းကွဲတာ(မိဘ၊ချစ်သူ၊ ဇနီးမယားခင်ပွန်း၊ သူငယ်ချင်း၊ မိတ်ဆွေစသဖြင့်)။ ကိုယ်တန်ဖိုးထားမြတ်နိုးရတဲ့အရာတစ်ခုခုဆုံးရှုံးသွားလို့အသည်းကွဲတာ(မနေ့တနေ့ကမှ ဝယ်လာတဲ့ iphone အသစ်လေးမှန်ကွဲသွားလို့)။ တချို့ကျတော့တိုက်ရိုက်အသည်းကွဲတာ(ဒါကရှင်းတယ်…ခင်ဗျားကြောင့်ခင်ဗျားဘာသာအသည်းကွဲတာ)။ တချို့က သွယ်ဝိုက်ပြီးအသည်းကွဲတာ(ဒါကတော့ သူတပါးပယောဂကြောင့်ဖြစ်တာမျိုး)။ တချို့ရှိသေးတယ်…အလကားနေရင်းနဲ့ ရေလည်အသဲကွဲနေတာ။ သူကြည့်လိုက်ရင်အချိန်ပြည့်မှိုင်တိုင်တိုင်နဲ့။ လဒမှိုင်းတိုက်တယ်ဆိုတာမျိုးပေါ့။                           

             အသည်းကွဲတယ်ဆိုတာ နေရာမရွေး၊ အချိန်မရွေး၊ အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေးကွဲလို့ရသလို ကွဲခွင့်လည်းရှိတယ်။ အရေးကြီးတာ ဘယ်လိုအသည်းကွဲမလဲဆိုတဲ့အချက်ပဲ။ လူတစ်ယောက်နဲ့တစ်ယောက်တောင်မတူသေးတာ အသည်းကွဲပုံ ကွဲနည်းလည်းကွာမှာပေါ့။အမှန်ပဲ…ကွဲပုံကွဲနည်းမတူတော့ နောက်ဆက်တွဲရလဒ်တွေလည်း ဘယ်တူပါ့မလဲ။ ထပ်ပြောပြမယ်…အရေးကြီးတာအသည်းကွဲတတ်ဖို့။                          

               ဆေးပညာမှာ fibrosis ဆိုတဲ့ စကားလုံးတစ်ခုရှိတယ်။ အနီးစပ်ဆုံးဘာသာပြန်ရရင် အသားမာတက်ခြင်း(မွေးစားစကားလုံးဆိုတော့ အတိအကျမှန်ချင်မှ မှန်မယ်)လို့ ပြောရမှာပဲ။နာတာရှည်အသည်းရောင်တာကနေ ပြန်မကောင်းတော့ပဲ အသည်းဆဲလ်တွေပျက်စီးကုန်တဲ့အခါ၊ နှလုံးကြွက်သားပုပ်ရာကနေ ပေါက်မထွက်ပဲအချိန်ကြာသွားတဲ့အခါမျိုးမှာ fibrosis(အသားမာတက်) ဆိုတာဖြစ်လာတယ်။အဲမှာဘာတွေဆက်ဖြစ်လာလဲဆို အသည်းခြောက်တာ(လုံးဝအသည်းပျက်စီးသွားတာ)၊ နှလုံးဓါတ်စီးမှုမမှန် ခုန်နှုန်းမမှန်တာတွေဖြစ်လာပြီး အသည်းအစားထိုးရတာ၊ နှလုံးစက်ထည့်ရတာတွေဖြစ်လာတော့တာပါပဲ။ ခင်ဗျားဘာဆေးသောက်သောက်မပျောက်ဘူး။ ခဏတော့ထိန်းထားလို့ရချင်ရမယ်၊နောက်ဆုံးကုထုံးကတော့ အစားထိုးကုသခြင်းပဲ။ အဲ့ထက်ပိုအဆင့်မြင့်သွားရင်တော့ ခင်ဗျားသေပြီ(ဒီထက်ရှင်းအောင်ဆက်မပြောပြတတ်တော့ဘူး)                         

            နောက်တစ်ခုကဆေးပညာမှာ အသည်းကွဲတယ်ဆိုတာတကယ်ရှိတယ်။ ခင်ဗျားအသည်းကြီးတကယ်ကွဲသွားတာ။ အသည်းဆိုတာကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံးပဲ။သွေးထောက်ပံ့မှုကလည်းတော်တော်များများရတာကိုး။ အဲ့အသည်းတကယ်ကွဲသွားရင် ကိုယ်တွင်းသွေးယိုစိမ့်ပြီး နောက်ဆုံးသွေးထွက်လွန်ပြီး သေတော့တာပဲ။ အဲ့တော့ဆရာဝန်တစ်ယောက်ကို ခင်ဗျားကကျွန်တော်အသည်းကွဲနေလို့ပါလို့သွားပြောရင် ရယ်လိမ့်မယ်။ တကယ်သာအသည်းကွဲခဲ့ရင် ဆရာဝန်ဆီသွားဖို့အချိန်တောင်ရမှာမဟုတ်ဘူး။ ခင်ဗျားသေနေပြီလေ။                                        

             

            လူငယ်တွေကြားထဲမှာ အသည်းကွဲတယ်ဆိုတဲ့စကားကအတော်ခေတ်စားလာတယ်။ တကယ်တန်းကတင်စားခေါ်တာပေါ့လေ။ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ယောက်က ကိုယ့်ကိုရှင်ကွဲ သို့မဟုတ် သေကွဲခွဲခဲ့တာ။ တချို့ကျတော့လည်း အခွဲခံရတာ။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူးပေါ့။ ငါနင့်ကြောင့် ခံစားရတယ်၊ ဝမ်းနည်းရတယ်၊ နာကျင်ရတယ် စသဖြင့်ခံစားချက်ကို ဖော်ကျူးတာ။ တစ်ဖက်လူသိအောင်ဖွဲ့နွဲ့ပြတာမျိုးပေါ့။ အဲ့ကနေပြီး အသည်းကွဲတယ်ဆိုတာဖြစ်လာတော့တာပဲ။                
            

              ခံစားချက်တွေအရမ်းပြင်းထန်လာတဲ့အခါမျိုးမှာ ထွက်ပေါက်လို့လူကြားကောင်းအောင်ခေါင်းစဉ်တပ်ပြီး လုပ်ချင်ရာလုပ်တော့တာပဲ။ ငါအရမ်းခံစားနေရတာ ဘယ်သူမှနားမလည်နိုင်တော့ဘူး။အဲတော့ သက်သာရာရကြောင်း အရက်သောက်မယ်ကွာဆိုပြီး မူးအောင်သောက်၊ ကြွက်တွင်းဖြစ်တဲ့အထိသောက်ကြ။ မင်းကိုသတိရရင်(သီချင်းခေါင်းစဉ်မဟုတ်) ဆိုတာကိုအကြောင်းပြီး ဆေးလိပ်တွေ တစ်ဘူးပြီးတစ်ဘူးကုန်တဲ့အထိဖွာ၊ ငါ့ကိုထားခဲ့တဲ့အတွက်နင်နောင်တရစေရမယ်ဆိုပြီး ရည်းစားအသစ်တွေ ထည်လဲတွဲ။ တချို့ ခံစားချက်ရေချိန်အမှတ်(emotional threshold) နှိမ့်တဲ့သူမျိုးဆိုရင် ကိုယ့်ကိုယ်ကိုတောင်သတ်သေတဲ့အဆင့်ထိဖြစ်တာ။ ဆွဲကြိုးချသေတာရှိတယ်၊ရေထဲနစ်သေတာရှိတယ်၊လက်ကောက်ဝတ်သွေးကြောကိုဖြတ်ပြီးသွေးထွက်လွန်အောင်လုပ်ရင်း သတ်သေတာရှိတယ်(လိုက်မလုပ်ကြပါနဲ့…သင်ပေးနေခြင်းမဟုတ်ပါ)စသဖြင့် ခံစားချက်ဆိုတာ ကြီးကို ပုံစံမျိုးစုံနဲ့ထွက်ပေါက်ပေးကြတော့တာပဲ။                
             

              ကျွန်တော့်မိတ်ဆွေတစ်ယောက်ပြောတဲ့စကားကိုကျွန်တော်မှတ်မိနေသေးတယ်။ ဘဝမှာ တစ်ခါအသည်းကွဲဖူးရင်ခေတ်မှီတယ်။ နှစ်ခါအသည်းကွဲဖူးရင် နည်းနည်းရင့်ကျက်လာပြီ။ သုံးခါနဲ့အထက်အသည်းကွဲဖူးရင်ဘုရားဖြစ်ပြီ(ဆရာကြီးဖြစ်ပြီလို့ဆိုလိုချင်တာ)တဲ့။ မှန်သင့်သလောက်တော့မှန်တယ်ပြောရမယ်။ ပထမဆုံးအသည်းကွဲဖူးတာ ဆေးကျောင်းတက်နေတဲ့အချိန်တုန်းကပေါ့။ ဖွင့်ပြောလိုက်ကာမှ ဟိုမှာကရည်းစားကြီးငုတ်တုတ်နဲ့။ သေပြီလေ…ခံစားချက်တွေ ခဲလေသမျှ သဲရေကျတယ်ဆိုတာထက်ပိုဆိုးဦးမယ်။ အဲ့ဒီနေ့ကနေစပြီး စားမဝင်အိပ်မပျော် နေမထိ၊ထိုင်မသာ မီးဖွားပြီးခါစမိန်းမတစ်ယောက်ရဲ့သားအိမ်လို တစ်ခုခုပျောက်သွားလို့လိုက်ရှာနေသလိုမျိုး၊ လိုချင်တဲ့မုန့်မရတဲ့ကလေးတစ်ယောက်လိုမျိုး နေ့ရောညပါတငိုငိုတရယ်ရယ်နဲ့ပေါ့။ 
         

               အဲ့မှာ ခံစားရသမျှကိုစာရွက်ပေါ်မှာ ချရေး၊ သီချင်းတွေလုပ်၊ ကိုယ့်ဘာသာပြန်ဆိုကြည့်ပြီးတစ်ယောက်ထဲသဘောတွေကျ၊ တချို့သူငယ်ချင်းတွေကိုဆိုပြတော့ သဘောကျတဲ့သူလည်းရှိတယ်။ ဘာမှမပြောပဲနားထောင်ပေးတဲ့သူလည်းရှိတယ်။အဲ့ကနေတဆင့်ရှိစုမဲ့စုပိုက်ဆံလေးနဲ့အနီးနားကစတူဒီယိုကိုသွားပြီးသီချင်းတွေသွင်း၊ အဆိုတော်လုပ်သယောင်ယောင်နဲ့ တစ်ယောက်ထဲဖီးတွေတက်ပြီး တစ်ယောက်ထဲတိုင်ပတ်နေတဲ့အချိန်ဖြစ်ခဲ့တာပေါ့။ သူ့ကိုသတိရတိုင်းဖုန်းဆက်ရတာကလည်းတစ်မျိုး၊ သူ့အတွက်ရေးထားတဲ့ သီချင်းကိုသူ့ကိုပေးဖို့လည်းအကြိမ်ကြိမ်ကြိုးစားခဲ့သေးတယ်။ ဟိုကတော့ကိုယ့်ကို ဖုတ်လေတဲ့ ငပိရှိတယ်တောင်မထင်ဘူး။ တကယ်လည်းပြန်စဉ်းစားကြည့်လေ သူနဲ့တောင်ပတ်သက်ခဲ့ဖူးတာတောင်မဟုတ်ဘူး။ ကိုယ့်ဘာသာဖွင့်ပြောတာနောက်ကျလို့ တဖက်သတ်အသည်းကွဲနေတာ။ တစ်ယောက်ထဲကြိတ်ပြီး အတွေးပင်လယ်ထဲမှာမျောနေတာ။                
              

             ဒီကြားထဲ ကြိုကြားကြိုကြားအသည်းကွဲလိုက်သေးတယ်။ ရည်းစားနဲ့ပြတ်လို့မဟုတ်ဘူး။ မယ်မယ်ရရ တစ်ယောက်နဲ့မှမတွဲပဲနဲ့ တစ်ယောက်ထဲကြိတ်ပြီး ရေလည်ကြေကွဲနေတာ။ ကြာလာတော့ကိုယ့်ကိုယ်ကို အသည်းကွဲလို့ကွဲမှန်းတောင်သတိမထားမိတော့ဘူး။ သတိရတဲ့အချိန်ကျမှ သြော်..ငါအသည်းကွဲနေပါလားဆိုတာမျိုး။ တော်သေးတယ်ပြောရမလား…အသည်းကွဲနေတဲ့အချိန်ပေါက်ကရမလုပ်မိတာ။             
             

             ပထမဆုံးအသည်းကွဲတယ်ဆိုတာထုံဆေးမပေးပဲ ဓါးနဲ့အလှီးခံရတာနဲ့တူတယ်။ သေလောက်အောင်ကိုနာတာ။ တစ်ခါမှမဖြစ်ဖူးတာကိုး။ ရင်ထဲနင့်နေအောင်ခံစားရတာပါ။ အချစ်ဦးနဲ့ ကွဲခဲ့တဲ့သူတစ်ယောက်ရဲ့ခံစားချက်ကို ကျွန်တော်ကောင်းကောင်းနားလည်တယ်။ ဖြေဆေးမရှိဘူး။ ကုစားလို့မရဘူး။ တစ်လောကလုံးမှာ ငါ့ကျမှလာဖြစ်ရတယ်ဆိုတဲ့ခံစားချက်၊ အဲ့တာကတကယ်ချစ်တဲ့သူနှစ်ယောက်လမ်းခွဲရရင်ဖြစ်ပေါ်လာတဲ့ခံစားချက်ဖြစ်တယ်။ ရင်မှာဟာတာတာနဲ့တစ်ခုလိုအပ်နေလို့ (အဲလက်စ်သီချင်းတော့မဟုတ်)ဆိုပြီး အစားထိုးလို့ရနိုးနိုးလိုက်ရှာနေတတ်တဲ့အချိန်ကာလဖြစ်တယ်။ သူကလွဲရင် တခြားသူဆိုတာမရှိဘူးဆိုပြီးကြွေးကြော်ထားတဲ့အချိန်လည်းဖြစ်တယ်။            
              

             ဒုတိယအကြိမ်အသည်းကွဲဖူးတယ်ဆိုရင် နည်းနည်းရင့်ကျက်လာပြီ။ ရှေ့ကဖြစ်ရပ်ကိုသင်ခန်းစာယူတတ်လာပြီ။ ရှေ့တစ်ယောက်နဲ့ဘာလို့ပြတ်ခဲ့လဲ။အကြောင်းပြချက်ကဘာလဲ(တစ်ခါတစ်လေဘာအကြောင်းပြချက်မှမရှိပဲနဲ့လည်းပြတ်တတ်တယ်)။ သင်ခန်းစာကနှစ်ခုဖြစ်လာလို့ လောကကြီးအကြောင်းကိုစနားလည်လာသလိုလိုရှိလာပြီ။ တော်ရုံခံစားချက်လောက်တော့စာဖွဲ့မနေတော့ဘူး။ မည်းမည်းမြင်သမျှ အပြစ်တင်တတ်တဲ့စိတ်လည်းလျော့လာပြီ။ အရာရာကိုတရားသဘောနဲ့စကြည့်တတ်လာတဲ့ အချိန်လို့ပြောလို့ရတယ်။              
              

             သုံးခါနဲ့အထက်အသည်းကွဲဖူးသွားတဲ့အခါ ခင်ဗျားဟာ လောကကြီးကိုအပြုသဘောဆောင်တဲ့ဘက်ကကြည့်တတ်လာလိမ့်မယ်။ အဲလိုပြောလို့ သုံးခါလောက်အသည်းကွဲဖူးမှလူလားမြောက်တယ်လို့ဆိုလိုတာမဟုတ်ဘူး။ ခင်ဗျားရဲ့ လူတွေပေါ်မြင်တဲ့အမြင်၊ ပတ်ဝန်းကျင်ကိုမြင်တဲ့အမြင် နောက်ဆုံးကိုယ့်ကိုယ်ကိုပြန်မြင်တဲ့အမြင်တွေပြောင်းလာတာကိုဆိုလိုတာ။ အသက်အရွယ်အရကြည့်မလား။ အရင်လိုဆယ်ကျော်သက်ပေါက်စလေးမဟုတ်တော့ဘူး။ ရင့်ကျက်စအရွယ်ထဲရောက်နေပြီ။ လုပ်ငန်းခွင်ထဲမှာလည်းနေရာတစ်ခုကပါဝင်နေရပြီ။ ငွေကြေးအရလည်းအရမ်းကြီးမချမ်းသာရင်တောင် အရမ်းကြီးမဆင်းရဲနေတော့ဘူး။ ပြောရရင် အရာရာဟာ တည်ငြိမ်စပြုတဲ့အရွယ်ထဲကိုရောက်လာပြီ။ အဲ့တာကို ခင်ဗျားကိုယ်တိုင်တောင်သတိထားမိချင်မှထားမိလိမ့်မယ်။ သတိရလို့ပြန်ကြည့်လိုက်တော့မှ ငါဟာမငယ်တော့သလို အရမ်းလည်းအသက်ကြီးတဲ့အထဲမရောက်သေးတဲ့ တက်သစ်စလူငယ်တစ်ယောက်ဆိုတာစတင်သိမြင်ခံစားလာရလိမ့်မယ်။ အဲ့ဒီအချိန်ဟာခင်ဗျားဘဝအတွက်အားစိုက်ထုတ်လို့အကောင်းဆုံးအချိန်ပဲ။              
                

              ရှေ့မှာပြောခဲ့သလိုပဲ အသည်းကွဲတယ်ဆိုတာတစ်နည်းအားဖြင့်ခံစားချက်တို့ နုနယ်သေးတဲ့အချိန်ဆိုတာ Fibrosis အသားမာတက်သလိုပဲ။ တစ်နည်းပြောရရင် ခံစားချက်အသားမာတက်လာတာ (emotional fibrosis) ပေါ့။ တစ်ကြိမ် အရမ်းပြင်းထန်မယ်။ နှစ်ကြိမ် နည်းနည်းခံနိုင်ရည်ရှိလာပြီ။ သုံးကြိမ်နဲ့အထက် ခံစားချက်တွေကို မမှုတော့ဘူး။ပြောချင်တာက အခေါက်ရည်များလာလေလေ ခံနိုင်ရည်ပိုရှိလာလေကိုဆိုလိုတာ။ အသည်းခဏခဏကွဲတာ ကောင်းလားမေးရင် ကောင်းလည်းကောင်းသလို မကောင်းလည်းမကောင်းဘူး။ ကောင်းတယ်ဆိုတာက ခင်ဗျားရဲ့ခံစားချက်တွေကိုထိန်းချုပ်တတ်လာမယ်။ ဘယ်အရာ‌တေကဦးစားပေးလဲဆိုတာဝေဖန်ပိုင်းခြားတတ်လာလိမ့်မယ်။ 


             မကောင်းတဲ့အချက်ကခင်ဗျားလူတွေအပေါ်ယုံကြည်ချက်မဲ့လာမယ်။ ခံစားချက်ကိုမြိုသိပ်လွန်းတဲ့အခါ ခင်ဗျားဟာလူစင်စစ်ကနေ စက်ရုပ်သာသာဖြစ်လာမယ်။ ပိုဆိုးလာရင်မြိုသိပ်ထားတဲ့ခံစားချက်တွေကိုနည်းမှန်လမ်းမှန်နဲ့ မပေါက်ကွဲပဲပထမဆုံးအသည်းကွဲတုန်းကလိုမျိုး မှားယွင်းတဲ့ထွက်ပေါက်တွေနဲ့ ပေါက်ကွဲမိမှာကိုစိုးရိမ်ရတယ်။အဲဒီတော့မေးစရာဖြစ်လာတာက အသည်းခဏခဏကွဲတာကောင်းလားပေါ့။ ရှေ့မှာပြောခဲ့သလိုပဲ အသည်းကွဲတာပြဿနာမဟုတ်ဘူး။ အသည်းမကွဲတတ်တာမှတကယ့်ပြဿနာ။ နည်းမှန်လမ်းမှန်အသည်းကွဲတတ်ဖို့ဆိုတာကိုယ်တိုင်ကပြင်ဆင်ထားဖို့လည်းလိုတယ်။ မဟုတ်ရင်တကယ်လည်းဖြစ်လာရော အရုပ်ကြိုးပြတ်ကိုဖြစ်တော့တာပဲ။ 
             

              အသည်းကွဲပြီဆိုရင် ဒီအချက်၃ချက်နဲ့ ချိန်ထိုးကြည့်ပါ။

၁ - ကိုယ့်အမြင်နဲ့မြင်အောင်ကြည့်ပါ။           
             

            ငါဘာလို့အသည်းကွဲတာလဲဆိုတာအရင်သိဖို့လိုတယ်။ ကိုယ့်ဘက်ကအရင်စဖြတ်တာလား သူ့ဘက်ကအရင်စဖြတ်တာလား။ ဘယ်အကြောင်းအချက်က ငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုရပ်စဲသွားစေတာလဲ။ ငါကရောဘာလို့သူ့ကိုစဖြတ်တာလဲ။ ဆက်ဆံရေးပြတ်စဲရခြင်းက နှစ်ယောက်ကြားကပြဿနာကြောင့်မဟုတ်ပဲ ပတ်ဝန်းကျင်ဖိအားကြောင့်လား(မိဘ၊ ဆွေမျိုး၊ အသိုင်းအဝိုင်း၊ သူငယ်ချင်းစတာတွေဖြစ်နိုင်တယ်)။ နောက်ဆုံးအနေနဲ့ လမ်းခွဲပြတ်စဲခြင်းက မှန်ကန်တဲ့အဖြေလား စတဲ့မေးခွန်းတွေနဲ့သုံးသပ်ကြည့်ပါ။ အဲဒီလိုကိုယ့်ကိုယ်ကိုပြန်လည်သုံးသပ်ခြင်းက စစ်မှန်တဲ့ထွက်ပေါက်ကိုမြင်စေတယ်။ ပြောချင်တာက အသည်းကွဲနေတဲ့အချိန်ဆိုတာကိုယ့်ဘာလဲဆိုတာပြန်မြင်လို့အကောင်းဆုံးအချိန်ပဲ။ အရင်ကကိုယ့်မှာရှိတဲ့အားနည်းချက် အားသာချက်ကဘာလဲဆိုတာမမြင်ခဲ့သမျှ အသည်းကွဲနေတဲ့အချိန်မှာ သိမြင်လာတယ်။ အရက်ချည်းဖိသောက်တာ၊ ဆေးလိပ်တွေနင်းကန်သောက်တာ၊ ရည်းစားထည်လဲတွဲတာ စတာတွေက ယာယီစိတ်သက်သာရာလောက်ပဲရနိုင်ပေမဲ့ ကြာလာရင် ကိုယ်ကိုယ်တိုင်၊ ကိုယ့်မိသားစုအသိုင်းအဝိုင်းကိုပါထိခိုက်လာနိုင်လို့မှန်ကန်တဲ့ထွက်ပေါက်မဟုတ်ဘူးလို့ပဲ ပြောပါရစေ။ 

၂ - သူ့ဘက်အမြင်နဲ့ မြင်အောင်ကြည့်ပါ။            
             

             များသောအားဖြင့် ယောကျာ်းလေးနဲ့ မိန်းကလေးမှာ လမ်းခွဲပြတ်စဲကြပြီဆို ယောကျာ်းလေးဘက်ကစတင်တောင်းဆိုလေ့ရှိကြတယ်။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ မိန်းကလေးဘက်ကစတင်တောင်းဆိုကြတာလဲရှိပါတယ်။ အနောက်နိုင်ငံလိုပွင့်လင်းတဲ့နိုင်ငံမျိုးတွေမှာဆိုမိန်းကလေးတွေဘက် မကြိုက်တော့ဘူးဆို စဖြတ်တော့တာပဲ။ သမီးရည်းစားကိစ္စဆိုတာသူတို့အတွက်ထမင်းစားရေသောက်သလောက်ပဲရှိတယ်။အရှေ့တိုင်းယဉ်ကျေးမှုမှာတော့မိန်းကလေးဆိုတာအားနွဲ့အမျိုးဆိုပြီးလက်ခံထားကြတယ်။အရှက်အကြောက်နဲ့ ကိုယ်ကျင့်တရားကိုလည်းအရှေ့တိုင်းမိန်းကလေးအများစု အဓိကမြန်မာမိန်းကလေးများကလက်ကိုင်ထားကြတော့ ချစ်သူရွေးပြီဆိုရင် တစ်ဘဝစာလက်တွဲဖို့အထိစဉ်းစားတတ်ကြတယ်။ ချစ်သူနှစ်ယောက်လမ်းခွဲတော့မယ်ဆိုရင် မိန်းကလေးတွေက ယောကျာ်းလေးတွေထက်ပိုစဉ်းစားတတ်ကြတယ်။ တောင်းလည်းတောင်းဆိုခဲကြတယ်ပေါ့လေ။            
                

           ဒီနေရာမှာဘယ်သူ့ဘက်ကစပြီးတော့ပဲလမ်းခွဲခွဲ ကိုယ့်ဘက်ကအမြင်နဲ့ကြည့်ပြီးရင် သူ့ဘက်ကအမြင်နဲ့ကြည့်တတ်ဖို့လည်းပြောချင်ပါတယ်။ နားလည်ပေးဖို့ပြောချင်တာမဟုတ်ဘူး။လက်ခံပေးနိုင်ဖို့လိုတာပါ။ အသည်းကွဲတာရဲ့နောက်ဆက်တွဲပြဿနာအများစုက ဘာကြောင့်ငါ့ကိုလမ်းခွဲသွားရတာလဲဆိုပြီး လက်မခံနိုင်တာကနေစတာပဲ။ ဇောက်ထိုးမိုးမျှော် ကမောက်ကမဖြစ်ကြတဲ့အထိဆိုပါတော့။ စိတ်မထိန်းနိုင်တဲ့သူဆိုရင် လက်စားချေတဲ့အထိပါဖြစ်တာ။ အင်မတန်ကြောက်ဖို့ကောင်းတဲ့တုံ့ပြန်မှုလို့ ပြောရမယ်။          
                

             နံပါတ် ၁အချက်လိုပဲ သူ့ဘက်ကအမြင်ကိုမြင်အောင်ကြည့်တဲ့အခါ သူဘာလို့ငါ့ကိုထားခဲ့တာလဲ။ ရုပ်ဆိုးလို့လား၊ ငွေကြေးဆင်းရဲလို့လား၊ မိဘသဘောမတူလို့လား၊ နောက်တစ်ယောက်တွေ့နေလို့လား၊ ဒါမှမဟုတ်ဘာအကြောင်းပြချက်မှမရှိပဲထားခဲ့တာလား စသဖြင့်မေးခွန်းထုတ်ဖို့လိုလာပြီ။ သူကိုယ့်ကိုဘယ်လိုမြင်သလဲဆိုတာသိလာအောင်ကြိုးစားတာ၊ ချက်ချင်းသိချင်မှလည်းသိမယ်၊ အဖြေမထွက်လာတာလဲဖြစ်နိုင်တယ်။ အဓိက ကသူကိုယ့်အပေါ်မြင်တဲ့အမြင်ကို ကိုယ်ကလက်ခံနိုင်ဖို့လိုတာ။ ငါ့ကိုရုပ်ဆိုးလိုထားခဲ့တာ။ ဒါဆိုငါ့ရဲ့ရုပ်ဆင်းသွင်ပြင်ကိုလက်ခံလာနိုင်တဲ့ သူတစ်ယောက်ကိုရှိကိုရှိလာအုံးမှာပဲ။ ငါ့ကိုဆင်းရဲလိုထားခဲ့တာ။ ဒါဆိုငါဒီထက်ပိုကြိုးစားပြီးကိုယ့်ကိုယ်ကိုအားကိုးနိုင်တဲ့သူတစ်ယောက်ဖြစ်လာအောင်လုပ်ရမယ် စသဖြင့်သူဖြစ်စေချင်တဲ့အတိုင်း ကိုယ်ကမဖြစ်အောင်လုပ်ပြရတာမယ်။ ရုပ်ဆိုးတယ်၊ ဆင်းရဲတယ်၊ အသစ်တစ်ယောက်တွေ့လို့ထားခဲ့တယ်ဆိုတာ သူ့ဘက်ကအမြင်သက်သက်သာဖြစ်ပြီး ကိုယ်ကအဲဒီအတိုင်းလိုက်လုပ်နေဖို့မဟုတ်ဘူးလေ။ 
source:Google


၃ - ရှေ့မှာဘာဆက်ဖြစ်မလဲဘယ်သူမှမသိနိုင်ဘူး           
             

              ဟုတ်တယ် အဲ့ဒါအမှန်တရားပဲ။ သူကကိုယ့်ကိုထားခဲ့ပြီး နောက်တစ်လလောက်ကြာတော့ကိုယ့်ကို တမ်းတမ်းစွဲဖြစ်နေတဲ့သူတစ်ယောက်မပေါ်လာဘူးလို့မပြောနိုင်ဘူး။ သူကိုယ့်ကိုထားခဲ့လို့အလုပ်ထဲမှာပိုမအောင်မြင်လာဘူးလို့မပြောနိုင်ဘူး။ သူနဲ့လမ်းခွဲလိုက်တာ ကိုယ့်ဘဝအောင်မြင်တိုးတက်ဖို့ဆိုတာလည်းဖြစ်လာနိုင်တယ်။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့မြင်ခိုင်းတာမဟုတ်ပဲ အကောင်းတွေချည်းဖြစ်လာအောင်တော့ သင်ကိုယ်တိုင်ဖန်တီးလုပ်ယူလို့ရတယ်။            
              

             နောက်တစ်ခုက အသည်းကွဲနေတဲ့အချိန် ဘာသာတရားများများလိုက်စားပါ။ ခရစ်ယာန်ဘာသာဝင်ဆိုရင် နေ့စဉ်ကျမ်းစာဖတ်၊ အရင်ကဆုတောင်းတာထက် ၂ဆပိုဆုတောင်းကြည့်။ ဗုဒ္ဓဘာသာဝင်ဆိုရင်လည်း နေ့တိုင်းတရားထိုင်ကြည့်၊ အရင်ကတရားမှတ်တာထက် ၂ဆပိုလုပ်ကြည့်၊ ဝိပဿနာတရားကိုလည်းပိုအားထုတ်ကြည့်။ အသည်းကွဲလို့ တရားအားထုတ်လိုက်တာထွက်ရပေါက်ရသွားတယ်လို့မပြောနိုင်ဘူးလေ။ ရှေ့မှာပြောခဲ့သလိုပါပဲ ဒီအချိန်ဟာ ကိုယ့်ကိုယ်ကိုပြန်လည်သုံးသပ်လို့အကောင်းဆုံးအချိန်ပါပဲလို့…။ 
           

           ကျွန်တော်ပြောရင်ခင်ဗျားယုံချင်မှယုံလိမ့်မယ်။ ဒီစာကိုရေးတဲ့အချိန်မှာ ကျွန်တော်အသည်းကွဲနေတာလေ။ပထမဆုံးအကြိမ်အသည်းကွဲတာတော့မဟုတ်ဘူးပေါ့။ ခံစားချက်တွေအသားမာတက်နေတဲ့အချိန် ဒီစာကိုရေးလိုက်တာပဲ။ မမှတ်မိမှာစိုးလို့ထပ်ပြောပြမယ် အသည်းကွဲတာပြဿနာမဟုတ်ဘူး။ အသည်းဘယ်လိုကွဲရမလဲဆိုတာ မသိတာမှတကယ့်ပြဿနာ။ နည်းမှန်လမ်းမှန်နဲ့ ခံစားကြည့်ပါ။ လောကကြီးမှာခင်ဗျားလောက်ပျော်တဲ့သူရှိမှာမဟုတ်တော့ဘူး။

ဒေါက်တာလင်း                                                                                                                         
   

No comments:

Post a Comment