Wednesday, January 15, 2020

သင်အကြောဆေး အသားဆေးထိုးဖို့တကယ်လိုအပ်နေပြီလား

source:Google                 

               ကျွန်တော်တို့မြန်မာလူမျိုးများ ဆေးရုံဆေးခန်းသွားပြကြရင် အကြောဆေး အသားဆေးထိုးခံရမှ ကြိုက်ကြပါတယ်။ မထိုးပေးတဲ့ဆရာဝန်များဆို အထင်အမြင်လွဲတတ်ကြတယ်။ ဆေးထိုးပေးလိုက်ရင် ပျော်လို့ ကျွန်တော်တို့တကယ်ဆေးထိုးခံဖို့လိုအပ်နေပြီလား။ မြန်မာလူမျိုးများ အထူးသဖြင့်ဆေးခန်းသွားပြပြီဆို အကြောင်းရင်းတစ်ခုခုရှိလို့သွားကြတာများပါတယ်။ ရောဂါလက္ခဏာတစ်ခုခုခံစားနေရမှသွားကြလေ့ရှိကြတယ်။

              

              တကယ်တော့အသက်ကြီးလာတာနဲအမျှ မိမိရဲ့ကျန်းမာရေးကို တစ်လ၊ သုံးလ၊ ခြောက်လ စသဖြင့်ပုံမှန်စစ်ဆေးဖို့လိုအပ်ပါတယ်။ ဒီအကြောင်းကို နောက်ပိုင်းစာရေးရင်ပြောပြမယ်။  ကျွန်တော့်ဆီဆေးခန်းလာပြတဲ့ လူနာတွေရှိတယ်။ ခေါင်းကိုက်လို့ မူးလို့ နောက်ကြောထိုးနေလို့ ဇက်ကြောတင်းနေလို့ ခေါင်းအုံနေလို့ ကိုယ်လက်တွေမသယ်ချင်လို့ ရင်ထဲနေလို့မကောင်းလို့ ခြေလက်ထိပ်တွေ ဆတ်ခနဲကျင်သလိုဖြစ်နေလို့ ဗိုက်ထဲနေရတာတစ်မျိုးကြီး စသဖြင့်လာတတ်ကြတယ်။ တစ်ဆက်ထဲမှာပဲ ဆရာရယ် အကြောဆေးမထိုးရတာကြာပြီလေ အဲ့ဒါကြောင့်လာထိုးဆိုတဲ့ လူနာမျိုးလည်းရှိသေးတယ်။ မနက်ဖြန်နယ်ဝေးခရီးသွားမလို့ အားရှိအောင် အားဆေးလာထိုးတာဆိုတဲ့ အဖွဲ့တွေလည်းရှိသေးတယ်။

                 

                  အဲဒီမှာ လူနာ ၂အုပ်စုကိုတွေ့ရတယ်။ ပထမတစ်ဖွဲ့က ရောဂါခံစားနေရလို့ သက်သာချင်ဇောနဲ့လာတာ။ သူတို့ယူဆတာက ဆေးထိုးလိုက်ရင်ကောင်းသွားမယ်။ ဒီလောက်ပဲ။ ဒုတိယတစ်ဖွဲ့က ဘာရယ်ကြောင့်မဟုတ်၊ အပျင်းပြေလာထိုးတာ၊ လိုလိုမယ်မယ်ထိုးထားတာ မမှားပါဘူး၊ အားရှိဖို့လိုတယ်ဆိုပြီးထိုးတဲ့အဖွဲ့တွေပါ။ အဲ့တော့ ကျွန်တော်တို့ဆရာဝန်တွေအနေနဲ့ တကယ်ထိုးဖို့လိုအပ်လား မလိုအပ်ဘူးလား ဆုံးဖြတ်ကြရတော့တာပေါ့။

                

                 ကျွန်တော် ၂ပိုင်းခွဲပြီးရှင်းပြပါမယ်။ ပထမလူနာမျိုးက တကယ်ဖြစ်တယ်ပေါ့။ အပေါ်ကပြောခဲ့တဲ့ လက္ခဏာတွေနဲ့ဆေးခန်းကိုရောက်လာတယ်။ သူတို့သိတာ ဆေးထိုးမယ်၊ ပြီးရင်ပျောက်ပြီ။ ဒီလောက်ပဲ။ အဲ့ဒီတော့ အထက်ကပြောခဲ့တဲ့ လက္ခဏာတွေဖြစ်တာက ခုကျွန်တော်ပြောပြမည့် ရောဂါအခံ၊ လက်ရှိဖြစ်နေတာ ဒါမှမဟုတ် အစပျိုးနေတာကြောင့်ဖြစ်နိုင်ပါတယ်။

           -နှလုံး အမောဖောက်ခြင်း
           -တီဘီ အဆုတ်နာဖြစ်ခြင်း
           -ကျောက်ကပ်ရောဂါဖြစ်ခြင်း
           -နှလုံး အားနည်းခြင်း
           -သွေးအားနည်းခြင်း
           -အသည်းခြောက်ခြင်း
           -သွေးတိုးခြင်း
           -စိတ်ပင်ပန်းဆင်းရဲခြင်း
           -အရက်နာကျခြင်း
           -သွေးချိုဆီးချိုရောဂါဖြစ်ခြင်း
           -စိတ်စွဲလမ်းမှု ရောဂါဖြစ်ခြင်း
           -အရက်ကြောင့် အသည်းအားနည်းခြင်း
           -လည်ပင်းကြီးရောဂါဖြစ်ခြင်း
           -စိတ်ဓာတ်ကျခြင်း
           -ဆေးလိပ်ကြောင့် အဆုတ်ပျက်စီးခြင်း
           -အဆုတ်ရောင်ခြင်း
           -ဦးနှောက်ရောင်ခြင်း
           -ကင်ဆာရောဂါ တစ်မျိုးမျိုးဖြစ်ခြင်း
           -နာတာရှည် အဆုတ်ရောဂါဖြစ်ခြင်း
           -ဦးနှောက်အကျိတ်ဖြစ်ခြင်း
           -နားတွင်းရောဂါများဖြစ်ခြင်း
           -လေပြွန်ရောင်၍ ချွဲပိတ်နေခြင်း
           -အာရုံကြောအားနည်းခြင်း
           -မျက်စိအားနည်း/ရောဂါဖြစ်ခြင်း

             စတာတွေဖြစ်နေတယ်၊ ဖြစ်ဖို့အစပျိုးနေပြီ လို့သတိပေးလိုက်တာပဲ။ ဒီရောဂါတွေတကယ်ဖြစ်တယ် မဖြစ်ဘူးဆိုတာ ဆရာဝန်ကစမ်းသပ်စစ်ဆေးပြီး ဟုတ်မဟုတ်အတည်ပြုပေးတယ်။ လိုအပ်တဲ့ကုသမှုကိုပေးတယ်။

             

              ဒါတွေကိုမသိနားမလည်ပဲ ဆေးထိုးလိုက်လို့သက်သာသွားတာ ခဏတာကောင်းပေမဲ့ ရေရှည်မှာ အန္တရာယ်ကြီးပါတယ်။ ခဏတာကောင်းသွားတာက ရောဂါကိုသက်သာပျောက်ကင်းစေတာမဟုတ်ပဲ ဖုံးအုပ်လိုက်တော့ ကောင်းသွားပြီ ပျောက်သွားပြီလိုထင်မြင်စေတာပါ။ တကယ်တော့အထဲမှာလိုက်စားနေတာ။ အချိန်မှီသိရင်ပြဿနာမဟုတ်၊ နောက်ကျရင် ဆုံးရှုံးမှုတွေဖြစ်နိုင်တာပေါ့၊ ဥပမာ-သွေးတိုးဖြစ်နေတာကိုမသိပဲ ခေါင်းကိုက်နေလို့ဆေးထိုးချင်တယ်။ စပ်ဆေးသောက်တယ်။ ခဏသက်သာသွားတယ်။ နောက်တော့မထင်ထားပဲ ဦးနှောက်သွေးကြောပေါက်လို့မသေသင့်ပဲသေရတယ်။ သေသွားတဲ့သူကအိမ်ထောင်ဦးစီး၊ အိမ်ရဲ့စီးပွားရေးကိုရှာပေးနေတာ၊ မမျှော်လင့်ပဲတိမ်းပါးတော့ ကျန်ခဲ့တဲ့ မိသားစုက ဒုက္ခရောက်။ အဲ့လိုဇာတ်လမ်းတွေ ကျွန်တော်တို့ ကြားဖူးပြီးသား။ ဒီထက်ဆိုးတဲ့ဇာတ်လမ်းတွေလည်း ကြားဖူးကြမှာပါ။
                

              နောက်တစ်ဖွဲ့က အကြောဆေးထိုးကိုထိုးချင်နေတာ။ ဘာလို့ထိုးချင်နေမှန်းကိုမသိတာ။ မထိုးတာကြာလို့လာထိုးတယ်။ ထိုးလိုက်မှပဲနေသာထိုင်သာရှိသွားတယ် စသဖြင့်ပေါ့။ တကယ်တော့ မသိစိတ်ကစွဲလန်းနေတာ။ ခန္ဒာကိုယ်ကတကယ်လိုအပ်နေလို့မဟုတ်ပဲ စွဲလန်းခြင်းတစ်မျိုးဖြစ်နေတဲ့ သဘောပဲ။ ဒါကို စိတ်ခန္ဒာလက္ခဏာ psychosomatic symptoms လို့ခေါ်တယ်။
               

              ဟုတ်ပြီ။ ဒါဆိုဘယ်လိုလူတွေ အကြောဆေး၊ အားဆေးထိုးဖို့လိုအပ်နေပြီလဲ။
အောက်မှာဆက်ရှင်းပြထားပါတယ်။

         
           -ဆေးပညာအရသတ်မှတ်ထားသော အလွန်ဆိုးဝါးသော ဗီတာမင်ချို့တဲ့မှုရောဂါလက္ခဏာများရှိသော
             လူနာများ(patients with medically malnutrition and vitamin deficiency)
           
           -အစာအာဟာရ မပြည့်ဝသော နာတာရှည် အရက်စွဲ လူနာများ
            (chronic alcoholism with malnutrition)
          
           -အစာအာဟာရ မပြည့်ဝသော နာတာရှည်ရောဂါတစ်ခုခု စွဲကပ်နေသည့် လူနာများ
            (patients with underlying chronic disease,e.g, cancer)
          
            -အစားအသောက် ကောင်းစွာ စားသုံးနိုင်စွမ်းမရှိတော့သော သက်ကြီးရွယ်အိုများ
             (elders patients with anorexia followed by malnutrition)

ဒီလိုလူနာများဆိုရင် အကြောဆေး၊ အားဆေးထိုးဖို့လိုအပ်နေပါပြီ။ ပုံမှန်မှာပါးစပ်က စားလို့ရလာတဲ့ အာဟာရကို ကြာရှည်မရရှိတော့တဲ့အခါ အကြောထဲကနေ အားဖြည့်ပေးရတဲ့သဘောပါပဲ။
     
                ဒါ့အပြင် လူတစ်ယောက် အကြောဆေး၊ အားဆေး မသွင်းသင့်တဲ့ အခြေအနေဆိုတာရှိလားဆိုရင် ရှိပါတယ်။ အောက်ပါအခြေအနေတွေမှာ ဆေးမသွင်းသင့်ပါဘူး။

            
            -သွေးတိုးနေလျှင်(hypertensive urgency)

source:Google

            -သွေးချို ၊ ဆီးချို တက်နေလျှင်(uncontrolled diabetes)
source:Google

            -အဖျား ရှိနေလျှင်(high grade fever,i.e - >100'F or 37.5'C)
source:Google

            -သွေးအားနည်း နေလျှင်(unknown cause of anaemia)

source:Google

            -ရောဂါအခံ တစ်ခုခု ရှိနေလျှင် -လေဖြတ်/ လေဖြန်း ဖူးလျှင်(TIA or recurrent stroke)

source:Google

            -နှလုံး အမောဖောက် နေလျှင်(heart failure)
source:Google

            - အားဆေးနှင့် မတည့်လျှင်(allergic to multivitamin esp. B1)

source:Google

            - (၁) နာရီအတွင်း တိုင်းရင်းဆေးများ သောက်လာလျှင် 

စတဲ့အခြေအနေတွေမှာ အကြောဆေး၊ အားဆေးသွင်းတာကိုရှောင်ရှားသင့်ပါတယ်။ ဆရာဝန်က ဆေးမသွင်းခဲ့ဘူးဆိုရင်လည်း လူနာဘက်က ဒီအခြေအနေကိုနားလည်လက်ခံဖို့လိုပါတယ်။ စိတ်မကွက်သင့်ပါ။ နားမလည်ခဲ့ရင် ဆရာဝန်ဘက်က သေချာနားလည်အောင်ရှင်းပြဖို့လိုပါတယ်။
             

              ဒါကိုမှ ရသေ့စိတ်ဖြေ မရမကထိုးချင်တယ်။လူနာ ငြိုငြင်တယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေရှိတတ်တယ်။ အချို့သောဆေးခန်းတွေမှာ တကယ်လည်းဖြစ်ခဲ့ဖူးပါတယ်။

       
          -ဆေးမတည့်မှုဖြစ်ကာ သေဆုံးတတ်ခြင်း(anaphylactic shock)

source:Google

          -ပြည်တည်နာ ဖြစ်ခြင်း(injection abscess)
source:Google

          -အာရုံကြော ထိခိုက်မိခြင်း(neuropathy, neuritis)
          -သွေးခြေဥခြင်း
          - အကြောများ ယောင်ခြင်း(phlebitis)
source:Google

          - အကြောထဲမဝင်ဘဲ အသားများ ယောင်လာခြင်း(intramuscular swelling)
          - နှလုံး အဆို့ရှင်များ ထိခိုက်ပျက်စီးနိုင်ခြင်း(valvular heart damage)

            စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတာသိထားဖိုလိုပါတယ်။ ဒီအထဲမှာ ဆေးဓါတ်မတည့်လို့သေဆုံးတာက အဖြစ်အများဆုံး၊ အမြန်ဆုံး၊ အသက်အန္တရာယ်အရှိဆုံးဖြစ်ပါတယ်။
              

             အဆုံးအထိဖတ်ပြီးပြီဆိုရင်တော့ သင့်ခေါင်းထဲမှာ ကျန်းမာရေးနဲ့ဆိုင်တဲ့ အကြောဆေး အားဆေးသွင်းခြင်းနဲ့ပတ်သက်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ကျန်ရစ်သိရှိပြီလို့ယူဆပါတယ်။ မိဘပြည်သူများအားလုံး ကျန်းမာအနာကင်း ဘယာရှင်းကြပါစေ။


*Ref: အချက်အလက်အချို့အား Report of Workshop on “How to Reduce Unnecessary IV/IM Vitamin Injections in Primary Care” မှကောက်နှုတ်ဖော်ပြထားပါသည်။*

ဒေါက်တာလင်း
အထွေထွေရောဂါကုဆရာဝန်

1 comment: